အာဏာသိမ်းစစ်တပ်က တန့်ဆည်မြို့နယ် ကပေါင်းကျရွာတွင် ဆက်လက်တပ်စွဲထားပြီး နေအိမ်များကို ထပ်မံ မီးရှို့နေ

အာဏာသိမ်းစစ်တပ်က တန့်ဆည်မြို့နယ် ကပေါင်းကျရွာတွင် ဆက်လက်တပ်စွဲထားပြီး နေအိမ်များကို ထပ်မံ မီးရှို့နေ
အောက်တိုဘာ 26, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာ၌ အာဏာသိမ်းစစ်တပ်က တပ်စွဲထားသည့် (၁၀) ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် ရွာတွင်းမှ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့နေကြောင်း သိရသည်။

ရွာထဲတော့ ဘယ်သူမှ မနေရဲကြလို့ မရှိကြတော့ဘူး။ ရွာထဲက အိမ်တွေလည်း နေ့တိုင်း မီးရှို့ခံနေရတယ်။ ဒီနေ့လည်း မနက်ကတည်းက မီးခိုးတွေ တက်လာတာတွေ့ရတယ်။ ဒီနေ့ အိမ် (၄)လုံး ထပ်ရှို့ခံရတယ်လို့ ပြောတယ်။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်တပ်သည် အောက်တိုဘာလ (၁၇) ရက်နေ့ကတည်းက ကျေးရွာအတွင်း တပ်စွဲနေသဖြင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

နီးစပ်ရာ ထွက်ပြေးနေကြရတာ။ အဲဒါ တောတန်းဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ အရင်ကလည်း ခဏခဏ ရွာကိုဝင်စီးတယ်။ အခုကလည်း ၁၀ ရက်လောက်ရှိနေပြီဆိုတော့ အတော်ကို ခက်ခဲနေကြပြီ။ ရွာထဲလည်း ဘာတွေဖြစ်နေမလဲမသိဘူး

ဟု ဒေသခံတစ်ဦးက တိမ်းရှောင်နေကြရသူများ၏ အခြေအနေကို ပြောပြသည်။ 

အာဏာသိမ်းစစ်တပ်က ကပေါင်းကျရွာကို ယခုဝင်ရောက်စီးနင်းမှုမှာ (၉) ကြိမ်မြောက်ဖြစ်ပြီး ယခင်ဝင်ရောက်စီးနင်းမှုများအတွင်း ၎င်းတို့ကျေးရွာမှ ဆုတ်ခွာချိန်တွင် အသတ်ခံထားရသည့် ကျေးရွာသားများ၊ ဖျက်ဆီး၊ မီးရှို့ခံထားရသည့် နေအိမ်များကို တွေ့ခဲ့ကြရခြင်းဖြစ်သည်။

ယခု (၉) ကြိမ်မြောက်စီးနင်းမှုတွင် ရဟတ်ယာဉ်ဖြင့် အင်အားနှင့် ရိက္ခာဖြည့်တင်းမှုပါ တွေ့ရသဖြင့် ကာလရှည်ကြာ ကျေးရွာတွင်း တပ်စွဲမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။