ဝမ်းတွင်း နှင့် သာစည်မြို့တို့တွင် (၂)ရက်အတွင်း Mytel တာဝါတိုင်(၃)တိုင် အပါအဝင် (၅)နေရာတွင် ဒေသကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲ

ဝမ်းတွင်း နှင့် သာစည်မြို့တို့တွင် (၂)ရက်အတွင်း Mytel တာဝါတိုင်(၃)တိုင် အပါအဝင် (၅)နေရာတွင် ဒေသကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲ
အောက်တိုဘာ 14, 2021 | အခြားဒေသများ
By Tachileik News Agency

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့်မလှိုင်မြို့နယ်များမှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး (၂)ရက်အတွင်း အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင်(၃)တိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး နှင့် သတင်းပေးဒလန်ဟုဆိုသူများ၏ နေအိမ်များကို ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ ဝမ်းတွင်းမြို့နယ် အိုင်သာကျေးရွာ၊ မြင်းကျကန်ကျေးရွာနှင့် သုံးထောင့်အိုင်ကျေးရွာတို့ရှိ Mytel တာဝါတိုင်(၃)တိုင်ကို အောက်တိုဘာလ(၁၃)ရက်နေ့ အစောပိုင်းက ဖောက်ခွဲကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တဆက်တည်းမှာပင်အောက်တိုဘာလ(၁၃)ရက်နေ့ကလည်း သာစည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ သတိပေးသည့်အနေဖြင့် ဗုံးပစ်သွင်းကာ ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ(၁၂)ရက်နေ့ (၈)နာရီကျော်အချိန်ကလည်း သာစည်မြို့နယ်အတွင်း ကြာပတ်ကုန်းကျေးရွာအုပ်စု၊ ပိုးမဲဇာကုန်ကျေးရွာတွင် နေထိုင်သည့် အာဏာသိမ်းစစ်တပ်သတင်းပေးဆိုသူ၏ နေအိမ်အတွင်းသို့ ဗုံးပစ်သွင်းပြီး သတိပေးမှုလုပ်ဆောင်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း နေအိမ်အောက်ထပ် အနည်းငယ်ပျက်စီးသည်ဟုသိရသည်။