ယွမ် ၆ သိန်း တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်းများကို တရုတ်အနုပညာနှင့်လက်မှုပညာအသင်း (China Arts and Crafts Association) မှ စစ်ကောင်စီကို ပေးအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် ရွက်ဖျင်တဲအခု (၅၀၀) ၊ အရေးပေါ်ကယ်ဆယ်ရေး ဆေးသေတ္တာ အစုံ (၂၀၀)၊ သွားတိုက်ပစ္စည်း အစုံ (၆၀၀) ၊ အဝတ်အထည်အစုံ (၅၀၀) အပါအဝင် တရုတ်ယွမ်ငွေ (၆)သိန်း တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများကို တရုတ်အနုပညာနှင့် လက်မှုပညာအသင်း မှ စက်တင်ဘာလ (၂၃) ရက်နေ့တွင် စစ်ကောင်စီထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရာဂီမုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံဒေသအများအပြားတွင် ရေကြီးမှုဒဏ်ကို ခံစားခဲ့ရပြီး တရုတ်နိုင်ငံ လူ့အဖွဲ့အစည်းနယ်ပယ်ပေါင်းစုံမှ လူပုဂ္ဂိုလ်များကလည်း မြန်မာနိုင်ငံ ရေဘေးဒဏ်သင့်မှုအခြေအနေအတွက် အလွန်စိုးရိမ်ကြပြီး တတ်စွမ်းသမျှ ပံ့ပိုးကူညီသွားရန် ဆန္ဒရှိကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆိုသည်။
ပြင်းထန်သည့် တိုင်ဖွန်းရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားတွင် ဒေသခံပြည်သူ သိန်းချီ ရေဘေးဒဏ်ကို ကြုံတွေ့ခံစားနေရပြီး သေဆုံးနှင့် ပျောက်ဆုံး လူဦးရေ (၁၀၀၀)ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency