ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ် ဇရစ်မျှောင်ကျေးရွာနေ ရာအိမ်မှူး ပျူစောထီးတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံမှ သိရသည်။
မင်းလှမြို့နယ် ခွက်မအုပ်စု ဇရစ်မျှောင်ကျေးရွာနေ ရာအိမ်မှူး ပျူစောထီး ထွန်းထွန်း ကို နေအိမ်၌ ရှိနေစဉ် ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့ နံနက် (၉) နာရီခွဲခန့်တွင် မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တပ်ဖွဲ့ဝင်များ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရာအိမ်မှူး ထွန်းထွန်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများအား စစ်ကောင်စီသို့ပေးခြင်း ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၎င်း၏ ကားဖြင့် အကြိုအပို့လုပ်ခြင်းနှင့် ရိက္ခာများ ဝယ်ယူပေးခြင်း ၊ စစ်မှုထမ်းစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံမှုများ ဆောင်ရွက်နေခြင်းတို့ကြောင့် အရေးယူရခြင်းဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဆိုသည်။
ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် အဆိုပါ ရာအိမ်မှူးထံမှ လက်ပစ်ဗုံး (၁)လုံးနှင့် မိုလ်ဘိုင်းဖုန်း (၂)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအား ဒုက္ခပေးနေကြသည့် စစ်ကောင်စီ ထောက်တိုင်များအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး အဆိုပါထောက်တိုင်များအနီး ပြည်သူများအနေဖြင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးထားသည်။
#TachileikNewsAgency