ခလရ ၁၃၇ တပ်ရင်းမှူးကို ပူတာအို PDF အရှင်ဖမ်းမိ

ခလရ ၁၃၇ တပ်ရင်းမှူးကို ပူတာအို PDF အရှင်ဖမ်းမိ

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောအခြေစိုက် စစ်ကောင်စီတပ်၏ ခလရ (၁၃၇)တပ်ရင်းမှူးကို အရှင်ဖမ်းဆီးရမိထားကြောင်း ပူတာအို PDF က ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ထုတ်ပြန်သည်။

ခလရ (၁၃၇)တပ်ရင်းမှူးအား မည်သို့ဖမ်းဆီးရမိသည်ကိုမူ Tachileik News Agency က ပူတာအို PDF အား ဆက်သွယ်မေးမြန်းထားဆဲဖြစ်ကာ ၎င်းတပ်ဖွဲ့ကမူ "ခလရ (၁၃၇) တပ်ရင်းမှူးကို အရှင်လုံးပြီး ဖမ်းတာတဲ့"ဟု ယနေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် မတ်လက မချမ်းဘောမြို့နယ် အလန်ဂါးကျေးရွာတွင် ၂၀၁၈ ခုနှစ်ကတည်းက တပ်စွဲနေသည့် ခလရ(၁၃၇)တပ်မှ စစ်ကောင်စီတပ်သားများသည် စခန်းကို စွန့်ခွာသွားကြသည်။

အလန်ဂါးကျေးရွာရှိ ခလရ(၁၃၇)အထိုင်တပ်သည် တိုက်ခိုက်ခံနေရသည့် ဆွမ်ပရာဘွမ်မြို့နယ်မှ ခလရ(၄၆)တပ်ရင်းကို သွားရောက် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဆွမ်ပရာဘွမ်မြို့ရှိ ခြေလျင်တပ်ရင်း (၄၆)ဗျူဟာကုန်းကို မေလ(၅)ရက်နေ့တွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကို အပြည့်အဝ ထိန်းချုပ်ခဲ့သည်။

ခလရ(၁၃၇)သည် ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အခြေစိုက်တပ်ဖြစ်ပြီး KIAနှင့် စစ်ရေးတင်းမာသည့် သတင်းသာထွက်ကာ တိုက်ပွဲဖြစ်နေသည့် သတင်းအချက်အလက်ကိုမူ Tachileik News Agency အနေဖြင့် ရရှိထားခြင်းမရှိပါ။

ပူတာအိုဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ(၁)နှင့် လက်အောက်ခံ ရင်း(၄)၊ ရင်း(၇)၊ ရင်း(၁၀)၊ ရင်း(၂၂)နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDF/KPDFနှင့် ပူတာအို PDF တို့ စစ်ရေးလှူပ်ရှားသည်။

#TachileikNewsAgency