ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးဒဏ်ရာရ 

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးဒဏ်ရာရ 

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့အတွင်း စစ်ကောင်စီမှ ပြည်သူများ နေထိုင်ရာကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား (၁)ဦးသေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုမှ ၂၀၂၄ခုနှစ် ဇွန်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်း ဇွန်လ (၄)ရက်နေ့ ညပိုင်းတွင် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၁၀)လုံးနှင့် ၁၅၅ မမ ဟောင်ဝစ်ဇာလက်နက်ကြီး (၁)လုံး စုစုပေါင်း (၁၁)လုံးပစ်ခတ်ခဲ့ရာ ကောက်မယ်သူကျေးရွာ နှင့် ဝမ်ချဲ ကျေးရွာအကြား၊ ယောက်သွားကုန်းကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာအကြား၊ နွားရေကျောင်းကျေးရွာ၊ ကြိတ်ကွင်းကျေးရွာအကြား နှင့် ဘုရားကြီး ကျေးရွာအရှေ့ပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ဇွန်လ (၅)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ ခလရ-၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၂)လုံးနှင့် ဟောင်ဝစ်ဇာလက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ မဘီလေးကျေးရွာ၊ တောင်ခင်ကျေးရွာနှင့် ကြိတ်ကွင်းကျေးရွာတို့အကြားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဇွန်လ (၇)ရက်နေ့ ညဆယ်နာရီတွင် ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီး (၁၂)လုံးနှင့် ခမရ-၃၀၇ တပ်ရင်းမှ လက်နက်ကြီး  ၈၁ မမ (၅)လုံး စုစုပေါင်း (၁၇)လုံး ပစ်ခတ်ခဲ့ရာ ခရုကုန်း၊ ယောက်သွားကုန်း၊ စံကုန်း၊ ချောင်းတဲစုကျေးရွာ နှင့် ပေါက်ကုန်းကျေးရွာ တို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဇွန်လ (၈)ရက်နေ့ မနက် ငါးနာရီခွဲတွင် သမင်အင်းကုန်းကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာမှ ဒေသခံတစ်ဦးသည် ၎င်း၏ ခြံဝန်းအတွင်း အမှိုက်ရှင်းလင်းရာ စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး  နေ့လယ် (၁၂)နာရီတွင် ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး (၂)လုံးနှင့် ၁၂၀ မမ (၄)လုံး စုစုပေါင်း (၆)လုံး ပစ်ခတ်ခဲ့ရာ ပေါက်ကုန်းကျေးရွာနှင့် ကောက်မယ်သူကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ကေအဲန်ယူ-မူးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ဇွန်လ (၄) ရက်နေ့ မနက် (၈)နာရီတွင် စစ်ကောင်စီတပ် ခမရ−၄၀၇ မှ ကြိတ်ခါးကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦး နံဘေးတွင် လက်နက်ကြီးထိမှန်ကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ဗဟိုမှဆိုသည်။

ဇွန်လ (၆) ရက်နေ့ မနက် (၇) နာရီခန့်တွင် နတ်သံကွင်းတွင်ရှိသော စစ်ကောင်စီတပ်များသည် ထွနီကုန်း ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား (၄)ဦး လက်နက်ကြီးထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ (၉)ရက်နေ့ မနက်ငါးနာရီခွဲတွင် စစ်ကောင်စီတပ် ခမရ−၃၀၇ ရွှေဝါတပ်ရင်းမှ (၁၂၀) မမ လက်နက်ကြီးများကို နတ်လောင်းကျေးရွာ အုပ်စု သရက်တိုက်ကျေးရွာ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ ဒေသခံ အဘွားအိုတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီသည် KNU ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏဆိုသလိုပြုလုပ်နေပြီး ပြီးခဲ့သည့် ဇွန်လ (၃) ရက်နေ့ကလည်း စစ်ကောင်စီတပ် အမတ -၃၁၀ နှင့် ခမရ -၂၀၇ တို့မှ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း လက်နက်ကြီး အလုံး (၃၀)ကျော် ပစ်ခတ်ခဲ့ရာ ဒေသခံ နေအိမ်အချို့ ပျက်စီးခဲ့ပြီး ကိုယ်ဝန်သည်တစ်ဦး လက်နက်ကြီးအစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : KNU