ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ်များပျက်စီး၍ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ်များပျက်စီး၍ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ်များပျက်စီး၍ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုထံမှ သိရသည်။

ကေအဲန်ယူ-လယ်ဒိုမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း မေလ (၂၃ )ရက်နေ့ မနက်(၁၀)နာရီခန့်တွင် နတ်သံကွင်းရှိ စစ်ကောင်စီအထိုင်စခန်းမှ (၁၂၀)မမ လက်နက်ကြီး (၁)လုံးအား ပစ်ခတ်ခဲ့ရာ ပေါက်ကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး ခြေထောက်တစ်ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုမှ ၂၀၂၄ခုနှစ် မေလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဟီဖိုးဒဲကျေရွာအနီးရှိ လယ်ကွင်းများအတွင်းသို့ စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာများဖြင့် မေလ (၂၄)ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လယ်ကွင်းများအတွင်းလွှတ်ထားသည့် နွား (၄)ကောင်သေဆုံးခဲ့ပြီး၊ (၁၃)ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ (၂၅)ရက်နေ့ ည (၁၀)နာရီတွင် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၆၄) တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီး (၁၀) လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကျောင်းကုန်းကျေးရွာအတွင်းသို့ (၂)လုံး၊ ကောက်မဲ့သူ ကျေးရွာ အတွင်းသို့ (၂)လုံး၊ ယောက်သွားကုန်း ကျေးရွာအတွင်းသို့ (၄) လုံး နှင့် ကြိတ်ကွင်း ကျေးရွာ အတွင်းသို့ (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကြိတ်ကွင်းကျေးရွာရှိ ဒေသခံတစ်ဦး၏ နွား (၁)ကောင် လက်နက်ကြီးထိမှန် သေဆုံးကြောင်း သိရသည်။

ကေအဲန်ယူ−မူးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီလေတပ်မှ မေလ (၂၄)ရက်နေ့ မနက် (၈) နာရီခန့်တွင် မိုညှင်းဒဲကျေးရွာ နှင့် ကွီးဒိုခေါ် ကျေးရွာ အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူနေအိမ် (၄)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် (၈)နာရီ (၁၅) မိနစ်ခန့်တွင် မူးမြို့နယ် ကွီးဒိုခေါ်နှင့် မောနဲရွာထဲသို့ ဗုံးကြဲခဲ့ရာ ထိခိုက်ပျက်စီးမှုများ မရှိခဲ့သော်လည်း မနက် (၈) နာရီ (၂၀) မိနစ်ခန့်တွင် မိုညှင်းဒဲကျေးရွာထဲသို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊ အဆောက်အဦး (၁) လုံး ထိမှန်ပျက်စီးသည့်အပြင် စစ်ကောင်စီတပ်မှ နံနက် (၈) နာရီ (၂၅) မိနစ်ခန့်တွင် တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်ဖြင့် ထပ်မံပစ်ခတ်မှုများကို ပြုလုပ်ခဲ့ကြောင်း KNU ဗဟိုမှဆိုသည်။

စစ်ကောင်စီသည် KNU ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏဆိုသလို ပြုလုပ်နေပြီး ပြီးခဲ့သည့် မေလ (၁၈)ရက်နေ့ကလည်း စစ်ကောင်စီတပ် ခမရ−၃၀၇ တပ်ရင်းမှ ကေအဲန်ယူ−မူးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း လက်နက်ကြီး (၁) လုံးပစ်ခတ်ခဲ့ရာ ကျေးရွာနေ ဒေသခံတစ်ဦး လက်နက်ကြီးအစ ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU