မြင်းခြံမြို့ ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့မှ လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်

မြင်းခြံမြို့ ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့မှ လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် မြင်းခြံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြင်းခြံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့ ည (၉)နာရီခွဲခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ ပြောက်ကျားနည်းစနစ်ဖြင့် အနီးကပ်၍ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အနီးကပ် တိုက်ခိုက်မှုကြောင့် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) အဖွဲ့က ဆိုသည်။

ယခုကဲ့သို့ မြို့ပြစစ်ဆင်ရေးများအား ပိုမိုအရှိန်မြင့် လုပ်ဆောင်သွားရန်ရှိသဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဆွဲထားသည့် နေရာများတွင် အနီးကပ်သွားလာခြင်းများအား မပြုလုပ်ကြရန် မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်း Myingyan Black Tiger (MBT) တပ်ဖွဲ့က အသိပေးထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်နေ့ကလည်း မြင်းခြံမြို့နယ်အတွင်းရှိ ကျောက်ကန် (ပျူစောထီး) ရွာအား အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း မဟာမိတ်တပ်ဖွဲ့များနှင့်အတူ Myingyan Black Tiger (MBT) တပ်ဖွဲ့မှ စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းများအား ကြားဖြတ်တိုက်တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Myingyan Black Tiger တပ်ဖွဲ့ဝင်များ (ပုံဟောင်း)