ကန့်ဘလူမြို့နယ် ဥာဏ်အင်းရွာနှင့် အနီးရှိ စစ်ရှောင်တဲများကို စစ်ကောင်စီတပ် မီးရှို့

ကန့်ဘလူမြို့နယ် ဥာဏ်အင်းရွာနှင့် အနီးရှိ စစ်ရှောင်တဲများကို စစ်ကောင်စီတပ် မီးရှို့
စက်တင်ဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဥာဏ်အင်းကျေးရွာတွင် ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၅)ရက် နံနက်ပိုင်းက ကျေးရွာနှင့် အနီးရှိ စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

 

၎င်းစစ်ကောင်စီတပ်ဖွဲ့သည် ဥာဏ်အင်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ရွာမရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့်ပေါင်းကာ ထိန်တော၊ ဥာဏ်အင်း၊ အင်းလည်ကြီးကျေးရွာများအနီးရှိ စစ်ရှောင်တဲများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ထို့အပြင် ကျွန်းလှမြို့နယ်၊ တပေါင်ကျေးရွာတွင် ယာယီတပ်စွဲထားသည့် အင်အား(၆၀)ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် တပေါင်ကျေးရွာမှ ကန့်ဘလူမြို့နယ် ရွာသစ်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းက ဥာဏ်အင်းကျေးရွာကို ကန့်ဘလူမြို့နယ်၊ ယောလယ်လှကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ယင်းနေ့ကလည်း ဥာဏ်အင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဥာဏ်အင်းရွာအတွင်း၌ ယာယီတပ်စွဲခဲ့ခြင်းဖြစ်သည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့ကြောင့် ရွာသစ်ရွာမ၊ ဥာဏ်အင်း၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊ ပေလည်၊ မကုန်း၊ ကိုးမြို၊ ထောင့်တဲကုန်း၊ သရက်ခေါင်း၊ ညောင်ဇင်၊ ဆူးတပ်၊ အင်းလည်ကြီး စသည့်ကျေးရွာ (၁၃)ရွာထက်မနည်းမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency