တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် TNLA မှ အကျဉ်းသား ၅၅ ဦးကို လွတ်ငြိမ်းခွင့်ပေးပြီး ၅၄ ဦးအား ပြစ်ဒဏ်လျော့ပေါ့ 

တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် TNLA မှ အကျဉ်းသား ၅၅ ဦးကို လွတ်ငြိမ်းခွင့်ပေးပြီး ၅၄ ဦးအား ပြစ်ဒဏ်လျော့ပေါ့ 

(၆၂) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား (၅၅) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ဦးအား ပြစ်ဒဏ်လျော့ပေါ့ပေးကြောင်း PSLF/TNLA က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။

တအာင်းပြည်အတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်မှုကျူးလွန်၍  အကျဉ်းကျခံနေရသည့် အကျဉ်းသား (၅၅)ဦးအား ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအဘုင်မှ လက်မှတ်ထိုး လွှတ်ငြိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုများစွာကျူးလွန်၍ အကျဉ်းထောင်အသီးသီးတွင် နှစ်ရှည်ထောင်ကျနေရသူများကိုလည်း ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ပြီး ၊ လွှတ်ငြိမ်းစေ့ရန် လပိုင်းသာလိုနေသည့် အကျဉ်းသားများကိုလည်း လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသားများသည် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု၊ အမျိုးသမီးများအပေါ် ကျူးလွန်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှု၊ လူကုန်ကူးမှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်ထားကြသူများ ဖြစ်သည်ဟု PSLF/TNLA က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၆၁) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင်လည်း PSLF/TNLA မှ အကျဉ်းသား (၂၃၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၊ (၆၀)ဦးအား ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ကြောင်း သိရသည်။

တအောင်းဒေသခံ ပြည်သူလူထုများ၏ တော်လှန်ရေးအောင်ပွဲ အသီးအပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် မြန်မာပြည်တ၀ှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်ကောင်စီကို ချေမှုန်းတော်လှန်သွားမည်ဖြစ်ကြောင်း (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် TNLA က ကြညာချက်ထုတ်ပြန် အသိပေးထားသည်။

#TachileikNewsAgency

#TNA_LE

Photo:PSLF/TNLA NEWS