ရခိုင်နှင့် ပလက်ဝမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို အပြတ်ချေမှုန်းမည်ဟု AA ကြေညာ

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို အပြတ်ချေမှုန်းမည်ဟု AA ကြေညာ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို အပြတ်ချေမှုန်းသွားမည်ဟု ရက္ခိုင့်တပ်တော်(AA)က ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် ကြေညာသည်။

လက်ရှိတွင် ပလက်ဝပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော ခလရ(၂၃၃)၊ ခမရ(၃၇၄)၊ ခမရ(၃၇၆)၊ ခမရ(၃၀၈)၊ ခမရ(၂၁၁)၊ ခမရ(၂၁၇)၊ ခလရ(၂၈၉)၊ ခမရ(၂၂၀)တို့ကို ဇန်နဝါရီလ(၁)ရက်နေ့မှစတင်ပြီး ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ 

ထို့အပြင် ပလက်ဝဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ဗျူဟာကုန်းများကို ၂၀၂၄ ဇန်နဝါရီလ (၁)ရက်နေ့ကစတင်ပြီး တိုက်ခိုက်နေရာ ပလက်ဝ (၂၈၉)ဗျူဟာကုန်းနှင့် မီးဝဗျူဟာကုန်းတို့ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။ 

ပလက်ဝအတွင်းရှိ ချင်းလက်ဝစခန်းကုန်းကို ဇန်နဝါရီလ (၃)ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA)မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကုန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးတွင် စစ်ကောင်စီဘက်မှ နှစ်ရှည်လများ အခိုင်အမာ စခန်းချ တပ်စွဲထားသော တောင်ရှည်တောင် ဗျူဟာကုန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။ 

“တောင်ပိုင်းက မြို့တွေကိုပါ AAက သိမ်းမယ်ဆိုလို့ မြို့ကိုအလွယ်တကူ ဝင်လာနိုင်တဲ့ ရွာချင်းဆက်လမ်းတွေမှာ စစ်ကောင်စီတပ်တွေ ပိတ်ဆို့ပြီး စစ်ဆေးရေးဂိတ်တွေလုပ်နေတယ်။ သွားလာရခက်ပြီး ကုန်စည်ဝယ်ဖို့ ခက်ခဲနေပြီ။”ဟု သံတွဲမြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA)သည် စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေများအပါအဝင် ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်နေသည့် နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ယမန်နေ့က စစ်ကောင်စီတပ်သည် ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာသို့ ဂျက်ဖိုက်တာတစ်စီးဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၃၂)နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး  အသက်(၃)လနှင့် (၁၈)နှစ်ကြား ကလေးငယ် (၆)ဦး အပါအဝင် ‌‌ဒေသခံအမျိုးသမီး၊ အမျိုးသား (၁၂)ဦး ဒဏ်ရာရရှိခဲ့သည်။  

ရသေ့တောင်မြို့နယ် မယူမြစ်ကမ်းနံဘေးတွင် စစ်ကောင်စီတပ်က မိုင်းထောင်သဖြင့် ဂဏန်းသွားဖမ်းသည့် ဒေသခံအမျိုးသားတစ်ဦး မြေမြှပ်မိုင်းနင်းမိကာ ညာဘက်ဒူးတစ်ချောင်းလုံး ပြတ်ထွက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။ 

ဘူးသီးတောင်မြို့နယ် ကျောက်တလုံးကျေးရွာနှင့် အနီးတစ်ဝိုက်ကိုလည်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency