စစ်ကောင်စီ ရွေးကောက်ပွဲအတွက် အလုပ် လုပ်ပေးနေသည့် လဝကအဖွဲ့၏ မြင်းမူမြို့နယ်လဝကဦးစီးမှူးရုံးကို တော်လှန်ရေးအဖွဲ့များက မီးရှို့ဖျက်ဆီး

 အာဏာသိမ်းစစ်ကောင်စီအတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေး လူဦးရေစာရင်းများ ပြုလုပ်ပေးနေသည့် မြင်းမူမြို့နယ်လဝကဦးစီးမှူးရုံးကို ဒေသကာကွယ်ရေးတော်လှန်ရေးစစ်သည်တော်များက မီးရှိုးဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြို့နယ်လဝကရုံးကို ဒေသကာကွယ်ရေးတော်လှန်ရေးစစ်သည်တော်များဖြစ်သည့်   People's Army To Fight Dictatorship(PAFD) နှင့် အတူ People's Knight Defense Force Myinmu(PKDF.MMU)၊ TAUNGTHA People Defense Force၊ DBBF MMU မဟာမိတ်အဖွဲ့များက ပူးပေါင်းကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက်နေ့၏ ညပိုင်းက ဝင်ရောက်မီးရှို့ခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုက ကျင်းပမည့်  အတုအယောင်ရွေးကောက်ပွဲအတွက် လဝက ဝန်ထမ်းများက ညအချိန်အထိ  စာရင်းများ လုပ်နေသည့် အချိန်တွင် ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး စာရင်းစာရွက်နှင့် ကွန်ပြူတာများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုလဝက ရုံးသည် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးနှင့် ဘေးချင်းကပ်လျက် ရှိနေသောကြောင့် တော်လှန်ရေးရဲဘော်များက စနစ်တကျ စီမံဆောင်ရွက်ခဲ့ရပြီး အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက်ဖြစ်သောကြောင့် လူပုဂ္ဂိုလ်များကို ငဲ့ညှာဆောင်ရွက်ခဲ့ရသည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုသည်။

စစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲအတွက် အိမ်ထောင်စုလူဦးရေစာရင်းများကို ဇန်နဝါရီ (၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကောက်ယူနေပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဟု ကြေညာထားသည်။

ရွေးကောက်ပွဲအတွက် စာရင်းပြုစုသည့် စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ရွေးကောက်ပွဲကော်မရှင်ရုံးလည်း  ဇန်နဝါရီ (၁၉)ရက်က မီးရှို့ခံခဲ့ရကြောင်းလည်း သိရသည်။