မြင်းမူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ဆက်စပ်လုပ်ငန်းဖြစ်သည့် Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲ ဖြိုလဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် သာယာပေါင်းရွာနှင့် လက္ကပင်ရွာကြားရှိ မိုင်တဲ တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့ (၈)ဖွဲ့ပေါင်း၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ဖြိုလှဲလိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီကို အားပေးအားမြှောက်ပြုနေသည့် ထောက်တိုင်မှန်သမျှ ဖြိုလှဲမည်ဟု ဒေသကာကွယ်ရေးအဖွဲ့က ပြောကြားထားသည်။

 ဒေသကာကွယ်ရေးအဖွဲ့များဖြစ်ကြသည့် Black Eagle Defense Force ၊ Myin Mu Defence Force ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ ၊ People Defence Force Myinmu –MMPDF ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊ Myaung Women Warriors-M2W ၊ Myaung Union Army- MUA နှင့် Myaung Special People’s Defense Force – MSPDF မဟာမိတ်အဖွဲ့များပေါင်းပြီး လုပ်ဆောင်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်၊

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် စစ်တပ်နှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများအား ပြည်သူများက အသုံးမပြုသည့်သပိတ်ပြုလုပ်လာကြခြင်းဖြစ်သည်။