စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း ကလေး - တမူး အာရှလမ်းမကြီးပေါ်မှာ ဘိန်းဖြူအမြောက်အများ သယ်ဆောင်လာတဲ့ ကားတစ်စီးကို ၂၀၂၂ခုနှစ် ဇူလိုင်လ(၄)ရက်နေ့က ဖမ်းဆီးရမိလို့ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃)က ဇူလိုက်လ(၅)ရက်နေ့က သတင်းထုတ်ပြန်လာပါတယ်။
တမူးမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)တပ်ဖွဲ့ဝင်များက အာဏာသိမ်းစစ်အုပ်စုရဲ့ တားမြစ် ထုတ်ကုန်များကို သယ်ဆောင်လာကြခြင်း ရှိမရှိ စစ်ဆေးမှုများပြုလုပ်နေချိန် ကလေးမြို့ဘက်ကနေ တမူးမြို့ဘက်ကို မောင်းနှင်လာတဲ့ (၆)ဘီး ကားတစ်စီးကို တားမြစ်စစ်ဆေးတဲ့အခါမှာ မူးယစ်ဆေးဝါးများ တွေ့ရှိရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူကာကွယ်ရေးတပ်မတော်က ရှာဖွေမှုများ ပြုလုပ်တဲ့အခါမှာ (၆)ဘီးကားရဲ့ အနောက်ဘက် ကုန်ပစ္စည်းများအကြားမှာ သိုဝှက်သယ်ဆောင်လာတဲ့ ပီနံအိတ်အဖြူရောင် အိတ်(၃)လုံးအတွင်းထဲ ဆပ်ပြာခွက်များနဲ့ထည့်ထားတဲ့ ဘိန်းဖြူများကို တွေ့ရှိရခြင်းဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)က အများပြည်သူရှေ့မှောက်မှာ တခါတည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းနဲ့ နောက်နောင်မှာလည်း မူးယစ်ဆေးဝါး နဲ့ ရွှေမှောင်ခိုလုပ်ငန်းများ အပြင် တရားမဝင် ငွေမဲမှောင်ခိုလုပ်ငန်းများအပါအဝင် သစ်မှောင်ခိုလုပ်ငန်းများကို ဆက်လက်၍ ဖမ်းဆီးအရေးယူသွားမယ်လို့ သတိပေးထုတ်ပြန်ကြေညာထားပါတယ်။
Video: People's Defense Force Tamu တပ်ရင်း ၃