တာချီလိတ်မြို့တွင် ဝါတော်(၂၇)ဝါရှိသည့် ဘုန်းကြီးတစ်ပါးအား Facebook တွင် ရေးသား ပြောဆိုမှုကြောင့်ဟုဆိုကာ ဖမ်းဆီးပြီး (၂)လကျော်အကြာတွင် ထောင်ဒဏ် (၃)နှစ် ချမှတ်

တာချီလိတ်မြို့တွင် ဝါတော်(၂၇)ဝါရှိသည့် ဘုန်းကြီးတစ်ပါးအား Facebook တွင် ရေးသား ပြောဆိုမှုကြောင့်ဟုဆိုကာ ဖမ်းဆီးပြီး (၂)လကျော်အကြာတွင် ထောင်ဒဏ် (၃)နှစ် ချမှတ်

 တာချီလိတ်မြို့တွင် ဝါတော်(၂၇)ဝါရှိသည့် ဘုန်းကြီးတစ်ပါးအား  Facebook တွင် ရေးသား ပြောဆိုမှုကြောင့်ဟုဆိုကာ လူဝတ်လဲကာ ဖမ်းဆီးပြီး (၂)လကျော်အကြာတွင် တာချီလိတ်တရားရုံးက ပုဒ်မ(၂)ခုဖြင့် ထောင်ဒဏ်(၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း၊ အိုဆဲဗင်းတောင်ခြေရှိ ကုသိန္နာရုံကျောင်းတိုက်မှ ဦးဇင်း ဦးသုမန(ခ)ဦးဇင်းဝတုတ်အား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ ည(၁၀)နာရီကျော်အချိန်က တာချီလိတ်တပ်နယ်က လာရောက် ဖမ်းဆီးသွားကာ ချက်ချင်းလူဝတ်လဲစေကာ အချုပ်ခန်းထဲ ထည့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် တာချီလိတ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားအပြီး (၂)လကျော်ကြာဖြစ်သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ၏ တတိယပတ်အတွင်းက တာချီလိတ်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် (၂)နှစ် ၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-ကဖြင့် ထောင်ဒဏ် (၁)နှစ် စုစုပေါင်း ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ဦးဇင်းဝတုတ်ကို တာချီလိတ်တရားရုံးက ပုဒ်မ (၂)ခု နဲ့ ထောင်(၃)နှစ် ချလိုက်တယ်။ အခုတော့ တာချီလိတ်မြို့မရဲစခန်းရဲ့ အချုပ်ထဲမှာပဲရှိသေးတယ်။ ကျိုင်းတုံထောင်ကိုတော့ လူများမှ ပေါင်းပြီး ပို့မဲ့ သဘောရှိတယ်။"ဟု ဆရာတော် နှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ပြောသည်။



ဦးဇင်း ဦးသုမနသည် "ဦးသု မန"အမည်ရှိ ၎င်း၏ Facebook စာမျက်နှာတွင် "လက်သဲဆိတ်လက်ထိပ်နာတယ် ဆိုတဲ့စကားပုံအတိုင်း ဒီနေ့ ပုန်းထွန်ချောင်းဘေး ဦးစိုးဦး အနားမှာနေတဲ့ ဆွမ်းဒကာမ တစ်ယောက်က လျောက်တယ်။ သူတို့အိမ်‌တွေ (၁)လပိုင်း (၁)ရက်နေ့ နောက်ဆုံးထား ဖျက်ပေးရမယ်တဲ့။ အဲဒီတော့ ကျုပ်က မေးတယ်။ ချောင်းထဲမှာ ဆောက်ထားတဲ့ TOC ဆီပန့် ချောင်းဘောင်ပေါ် ဆောက်ထားတဲ့ စန်းရေသောက်ရေသန့်ရှေ့က အိမ်တွေကော ဆိုတော့ သူတို့က ပိုက်ဆံရှိတော့ ပြောရဲမှာ မဟုတ်ဘူးတဲ့။ ဪ တာချီလိတ်က တရားဥပဒေက ပိုက်ဆံ မရှိသူ အခြေခံလူတန်းစားတွေ အတွက် တကယ်အသက်ဝင်ပီး တောင်ဖြို ရွှေတူး ချောင်းဖျက် နေသူတွေအတွက် ကျိုင်တုံတိုင်းမှူး တာချီလိတ်ခရိုင်/မြို့နယ်/ဗျူဟာမှူးတွေ နီးစပ်ရာ စစ်စခန်း တွေက ပိုက်ဆံရတော့ ဥပဒေဆိုတာ ခရိုနီ ခရိုစိမ်းတွေ အတွက် မဟုတ်ဘဲ ကြောက်တက်တဲ့ အခြေခံကျောမွဲ ပြည်သူတွေအတွက်ဘဲ အသက်ဝင်တာပါလားလို့ သဘောပေါက်မိတယ်။"ဟု  ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့က ရေးသားထားသည်။

ယင်းအပြင် "မှတ်ချက် ပုန်းထွန်ချောင်းဘေးမှာ တရားမျှတမှု မရှိရင် ပြည်သူတွေနဲ့အတူ ဆန္ဒပြသင့်ရင် ပြရပါလိမ့်မည်။ လိပ်စာရှာနေရမှာစိုး၍ တပါတည်းရေးလိုက်မည် ဦးသုမန အိုဆဲဗင်းတောင်ခြေ ဇာတိမန္တလေးတိုင်းဒေသကြီး နွားထိုကြီးမြို့"ဟုလည်း ရေးသားထားသည်။

ယင်းသို့ ရေးသားမှုကြောင့် ညတွင်းချင်း လာရောက်ဖမ်းဆီးကာ ချက်ချင်း လူဝတ်လဲပြီး ဖမ်းဆီးသွားပြီးနောက် ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

"ဦးဇင်းဝတုတ်က ပျော်ပျော်နေတတ်တယ်။ အမှန်တရားကို မြတ်နိုးတယ်။ သူက အမြင်မတော်တာတွေ။ အမှန်တရားတွေကို ပြောတော့ အခုလို ပိုစ့်တစ်ခုကြောင့်လေးနဲ့တင် ဖမ်းခံလိုက်ရတာ။ ဒီပိုစ့်လေး တစ်ခုက သူတို့အတွက် ဘာမှ ထိခိုက်နစ်နာသွားစရာလည်း မရှိပါဘူး။ ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတာလည်း မဟုတ်ဘူး။၊ ဒီထက်ဆိုးဝါးစွာ ရေးသားတဲ့ အကောင့်တွေ အကောင့်တုတွေဆိုဘယ်လိုနေမလဲဗျာ။ ပြောတော့ အမျိုးဘာသာ သာသနာ ဘာညာဆိုပြီး ပြောနေကြတာ။ ဦးဇင်းဝတုတ်ရဲ့ ဝါတော်ဆိုရင်လည်း မနေ့တနေ့ကမှ မဟုတ်ဘူး။ (၂၇)ဝါတောင်ရှိပြီး။ ဝါတော်ကို ကြည့်ပြီး ငှဲ့ညှာလို့ရတာကို မငှဲ့ညာဘဲ မတော်မတရား လုပ်တာလို့ပဲ မြင်တယ်ဗျာ။ ဒုစရိုက်မှုအကြီးစားလုပ်တဲ့လူတွေဆို တိုင်းမှူးတွေ ဗျူဟာမှူးတွေရဲ့ ဘေးမှာ ခြံရံပြီး ခစားနေတာ တွေ့နေ မြင်နေရတယ်။ သူတိုကို ဘာမှ မတို့မထိဘဲ။ ဦးဇင်းကျမှ ပိုစ့်လေး တစ်ပိုစ့်ရေးတာနဲ့တင် ထောင်ချတယ်ဆိုတာကတော့ တကယ်ကို ရင်နာစရာကောင်းပါတယ်။" ဟု ဦးဇင်း ဦးသုမန နောက်ထပ် ဒါယိကာတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် ဦးဇင်းဦးသုမနသည် သက်တော် (၄၆)နှစ်ရှိပြီး ဝါတော်အားဖြင့် (၂၇)ဝါရှိနေပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့အာဏာသိမ်းကာလအတွင်း၌ တာချီလိတ်မြို့တွင် ပုဒ်မ ၅၀၅-ကဖြင့် ၂၀၂၁ခုနှစ် နှင့် ၂၀၂၂ခုနှစ်အတွင်းက အများအပြား ဖမ်းဆီးခံရမှုများရှိခဲ့ပြီး ၂၀၂၄ခုနှစ်အတွင်း၌ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းခံရသူများတွင် ယခု ထောင်ချခံရသည့် ဦးဇင်းဦးသုမနမှာ နောက်ဆုံးဖြစ်သည်။

တာချီလိတ်မြို့တွင် နိုင်ငံရေးအမှုမျိုးနှင့်ပတ်သက်ပြီး ရှာဖွေဖမ်းဆီးမှုများကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က အပူတပြင်း လုပ်ဆောင်လေ့ရှိသော်လည်း ခိုးဆိုးလုယက်မှုများနှင့် ပြန်ပေးဆွဲ ဓါးပြတိုက်မှုများကိုတော့ ထိထိရောက်ရောက် ဖမ်းဆီးနှိမ်နင်းလေ့မရှိကြောင်း သိရသည်။