တရုတ်နိုင်ငံတွင် HKU5-CoV-2 ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုး ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဗိုင်းရပ်စ်က နောက်ထပ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေရှိကြောင်း စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။
ယခုဗိုင်းရပ်စ်အသစ်ကို တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတွင် ကိုရိုနာဗိုင်းရပ်စ်များဆိုင်ရာ လုပ်ငန်းများဖြင့် လူသိများသော ရောဂါပိုးမွှားဗေဒပညာရှင် Shi Zhengli ဦးဆောင်သော သုတေသီအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး HKU5-CoV-2 နှင့် ပတ်သက်၍ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ၏ တတိယပတ်အတွင်းက သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
HKU5-CoV-2(Hong Kong University 5 Coronavirus 2) မှာ ဟောင်ကောင်တွင် မူလ တွေ့ရှိထားသော ဂျပန်လင်းနို့ (Japanese pipistrelle) ထံမှဖြစ်သည့် HKU5 ကိုရိုနာဗိုင်းရပ်စ်၏ မျိုးကွဲအသစ်ဟု ဆိုသည်။
HKU5-CoV-2 က COVUD-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားစေခဲ့သော SARS-CoV-2 ဗိုင်းရပ်စ်ကဲ့သို့ပင် လူသားများထံ ပုံစံတူ ကူးစက်နိုင်ကြောင်း သိရသည်။
ယခု ဗိုင်းရပ်စ်အသစ်က တိရိစ္ဆာန်ကနေ လူကို ကူးစက်နိုင်သော်လည်း ကူးစက်မှုနှုန်းမှာ COVID-19 ထက် လျော့နည်းကြောင်း သုတေသီများက ဆိုသည်။
HKU5 အုပ်စုဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လက္ခဏာများမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော MERS (Middle East Respiratory Syndrome) ရောဂါလက္ခဏာများနှင့် ဆင်တူပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှာမွှန်နှာပိတ်ခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ဝမ်းသွားခြင်းနှင့် အော့အန်ခြင်းတို့ ဖြစ်သည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားစေခဲ့သော SARS-CoV-2 နှင့် တူညီမှုများ ရှိနေသောကြောင့် HKU5-CoV-2 ဗိုင်းရပ်စ်အသစ် တွေ့ရှိရမှုက သတိထား စောင့်ကြည့်စရာဖြစ်ကြောင်း သုတေသီများက ဆိုသည်။
Source: TimesOfIndia, Reuters