အာဏာသိမ်းစစ်တပ်က ကလေးမြို့ဘက်မှ တပ်ဖွဲ့ဝင်အချို့ကို ရဟတ်ယာဉ်ဖြင့် သယ်ထုတ်သွား

စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့နယ်တောင်ပိုင်းထဲက ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီး တပ်စွဲထားကြတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များကို ယနေ့ ၂၀၂၁   ဒီဇင်ဘာလ (၁၇)ရက်နေ့ နေ့လည်ပိုင်းမှာ ရဟတ်ယာဉ်များနဲ့ ခေါ်ထုတ်နေတာကိုတွေ့ရပြီး  ရွှေဘိုအနီးမှာ ချထားတယ်လို့ သိရပါတယ်။ 

ဒီနေ့ နေ့လည်ပိုင်းမှာ  မုံရွာမြို့ရှိ  အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းက စစ်ရဟတ်ယာဉ် (၅)စီး ပျံတက်သွားတာကို တွေ့ရပြီးနောက် ကလေးမြို့နယ်အတွင်း တပ်ဖွဲ့အချို့ကို ခေါ်ထုတ်သွားတာတွေ့ရသလို ဂန့်ဂေါမြို့နယ်အတွင်း နှမ်းခါးကျေးရွာကိုလည်း ရဟတ်ယာဉ် (၂)စီးနဲ့ ပစ်ခတ်နေကြောင်း ဒေသခံများထံက သိရပါတယ်။ 

အာဏာသိမ်းစစ်တပ်ဘက်က ရဟတ်ယာဉ်အသုံးပြုပြီး ဝေဟင်ကနေ ဝါဒဖြန့် စာရွက်တွေ ဖြန့်ကြဲတာ။ တပ်ဖွဲ့ဝင်တွေကို ခေါ်ထုတ်တာတွေအပြင် ကျေးရွာတွေကို ဝေဟင်ကနေ ပစ်ခတ်တာတွေ ပြုလုပ်နေတာဟာ  မြေပြင်ကနေ ကားနဲ့သွားရင် ဒေသကာကွယ်ရေးအဖွဲ့များရဲ့ ပြောက်ကျားစနစ်နဲ့တိုက်ခိုက်မှုတွေ မိုင်းဆွဲမှုတွေ မကြာခဏ ခံနေရာတာကြောင့်  ကားကို သိပ်အသုံးမပြုတော့ဘဲ ရဟတ်ယာဉ်ကို အသုံးပြုလာခြင်း ဖြစ်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ထားကြပါတယ်။