လုပ်ငန်းများ ရောင်ချပြီး မြန်မာနိုင်ငံကနေ ထွက်ခွာရန် Ooredoo ဆွေးနွေးနေပြီဟုဆို

လုပ်ငန်းများ ရောင်ချပြီး မြန်မာနိုင်ငံကနေ ထွက်ခွာရန် Ooredoo ဆွေးနွေးနေပြီဟုဆို
ဇူလိုင် 21, 2022 | အခြားဒေသများ
By Mr John

ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo က ၎င်း၏ မြန်မာနိုင်ငံမှလုပ်ငန်းကို ရောင်းချရန် ဆွေးနွေးနေပြီဟု ထိုကိစ္စကို သိရှိထားသူ (၂) ဦးက Reuters သတင်းဌာနကို ပြောခဲ့ကြောင်း သိရသည်။ 

Ooredoo က လုပ်ငန်းရောင်းချမှုမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသည့် နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီ ထွက်ခွာမှုလည်း ဖြစ်လာမည် ဖြစ်သည်။ 

အခြား နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် Telenor မှာ ၎င်း၏ မြန်မာနိုင်ငံမှ လုပ်ငန်းကို ယခုနှစ်တွင် အပြီးသတ်ရောင်းချပြီး ထွက်ခွာသွားခဲ့သည်။

Telenor ကို လက်ဘနွန်အခြေစိုက် M2 Group နှင့် စစ်အုပ်စုနှင့်ဆက်နွယ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ဝယ်ယူလိုက်ပြီးနောက် Atom ဟု အမည်ပြောင်းလဲကာ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသည်။ 

ယခုအခါ ကာတာနိုင်ငံ ဒိုဟာမြို့အခြေစိုက် Ooredoo ကလည်း ၎င်း၏လုပ်ငန်းကို ရောင်းချရန်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံ အကြောင်းကြားထားသည်ဟု ထိုကိစ္စကိုသိထားသူ (၂) ဦးက ပြောသည်။

Ooredoo မှာ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ဆက်သွယ်ရေးလုပ်ငန်း ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်မီ ၂၀၂၀ ခုနှစ်အတွင်း သုံးစွဲသူ (၁၅) သန်းနီးပါးရှိခဲ့သည်။ 

Ooredoo ၏ မြန်မာနိုင်ငံမှ လုပ်ငန်းကိုဝယ်ယူရန် အဓိက အလားအလာရှိသည့် ကုမ္ပဏီများအနက် မြန်မာစီးပွားရေးလုပ်ငန်းစု Young Investment Group ၊ စင်ကာပူအခြေစိုက် Campana Group နှင့် မြန်မာကုမ္ပဏီ ရွှေသံလွင်က ပိုင်ဆိုင်သော SkyNet တို့ဖြစ်ကြောင်း ယခုကိစ္စကို တိုက်ရိုက်သိရှိထားသူများက Reuters ကို ပြောသည်။

ထိုကုမ္ပဏီ (၃) ခုနှင့် ဆွေးနွေးနေမှုများမှာ နောက်ဆုံးအဆင့်သို့ မရောက်သေးကြောင်းလည်း ၎င်းတို့ကဆိုသည်။ 

ယခုကိစ္စနှင့် ပတ်သက်၍ Ooredoo သို့ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ချက်ချင်း အကြောင်းမပြန်သေးဟု Reuters က ဖော်ပြသည်။ 

ထို့အတူ မြန်မာစစ်အုပ်စု၏ ပြောခွင့်ရပုဂ္ဂိုလ်၊ သက်ဆိုင်ရာဌာန၊ SkyNet နှင့် Young Investment Group တို့ကို ဖုန်းဆက်သွယ်ခဲ့ရာ ဖြေကြားခြင်းမရှိဟု ဆိုသည်။ 

Campana Group ကမူ ချက်ချင်း မှတ်ချက်ပေးရန် မရှိဟု ပြောခဲ့သည်။

Reutes ကို ပြောခဲ့သည့် သတင်းရင်းမြစ်များက ယခုကိစ္စမှာ ကန့်သတ်ထားသည့် လျှို့ဝှက်အဆင့်ဖြစ်တာကြောင့် ၎င်းတို့၏ အမည်များကို ထုတ်ဖော်မပြောခဲ့သလို Ooredoo ကို ရောင်းချသွားမည့် တန်ဖိုးကိုလည်း မပြောခဲ့ပေ။ 

Ooredoo က မြန်မာနိုင်ငံတွင် မည်မျှ ရင်းနှီးမြှုပ်နှံထားကြောင်း ချက်ချင်း မသိနိုင်သေးဟု Reuters က ဆိုသည်။ 

၂၀၂၂ ခုနှစ်တွင် Ooredoo သုံးစွဲသူ (၉) သန်းရှိကြောင်းသိရပြီး ၂၀၂၀ ခုနှစ်က (၁၅) သန်းရှိခဲ့ရာမှ လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။ 

၂၀၂၀ ခုနှစ်တွင် သုံးစွဲသူ (၁၅) သန်းရှိစဥ် Ooredoo က ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း (၃၃၀) ရရှိခဲ့သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့အစိုးရကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ ရပ်ဆိုင်းသွားကြသလို နိုင်ငံကနေ ထွက်ခွာသွားနေကြပြီး ဆက်လက်၍လည်း ထွက်ခွာရန်လည်း ရှိနေသေးကြောင်း သိရသည်။

 

Source: Reuters