ပဲခူးတိုင်း၊ မုန်းမြို့ရှိ စစ်ကောင်စီတပ်၏ ကော့ပြင်းတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပူးပေါင်းကာ ယမန်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားခဲ့သဖြင့် စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကာ ကော့ပြင်းတပ်စခန်းမှ MA-3 (၃)လက်၊ ပစ္စတိုတစ်လက်နှင့် (၆၀)မမ မော်တာတစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါတပ်စခန်းအတွင်း စစ်ကောင်စီတပ်သား အင်အား(၃၀)ဝန်းကျင်ဖြင့် အထိုင်ချထားခြင်းဖြစ်ပြီး တိုက်ပွဲတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ဟုလည်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း တော်လှန်ရေးတပ်များသည် မုန်းမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ရဲစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ (၁၉)ဦး လက်နက်ချအညံ့ခံကာ ၎င်းတို့မိသားဝင်(၄၀)ကျော်လည်း အလင်းဝင်ရောက်ခဲ့သည်။
#TachileikNewsAgency