မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးတစ်မြို့လုံးက ပြည်သူများလိုက်ပါပို့ဆောင်နေ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးတစ်မြို့လုံးက ပြည်သူများလိုက်ပါပို့ဆောင်နေ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေးကို မန္တလေးတိုင်း တစ်မြို့လုံးနီးပါး လိုက်ပါပို့ဆောင်ပေးနေပြီး အိမ်အပြင်ထွက်ကာ အလေးပြုသူများပင်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေါက်တာဇော်မြင့်မောင်၏ နာရေးကို ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျွဲဆည်ကန် (၃)လမ်းနေအိမ်မှ တောင် အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်ရာ မန္တလေးပြည်သူလူထုက လိုက်ပါပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“တစ်မြို့လုံးနီးပါးလိုက်ပို့ကြတယ်။ လမ်းတွေလည်း ပိတ်နေတယ်။ လုံခြုံရေးကလည်း အရပ်ဝတ်ကော၊ ယူနီဖောင်းတွေနဲ့ကော အများကြီးပဲ။ မော်တော်ပီကယ်တွေ လမ်းရှင်းနေတာလည်း အများကြီးပဲ။ ဆိုင်ကယ်တွေဆိုလို့ရှိရင် ဟွန်းအရှည်ကြီးတွေတီးပြီးတော့ လိုက်ပို့နေကြတာ။ ကားတန်းကလည်း အရမ်းများတယ်။ လူကလည်း အရမ်းများလို့ လမ်းကနေပဲ ဖြတ်လိုက်တဲ့သူတွေလည်း အများကြီးရှိတယ်။ ထွက်ပြီးအလေးပြုတဲ့ပြည်သူ တွေလည်းရှိတယ်။”ဟု လိုက်ပို့သူတစ်ဦးက Tachileik News Agency ကိုပြောသည်။



 

ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် မတရားထောင်ချခံနေရရာက ထောင်တွင်း၌ ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် စစ်ကောင်စီတပ်က နောက်ဆုံးအခြေအနေရောက်ရှိမှသာ မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ခဲ့ပြီးနောက် အောက်တိုဘာလ(၇)ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။

ဒေါက်တာဇော်မြင့်မောင် သတိမေ့နေချိန်တွင် စစ်ကောင်စီက ဆေးရုံသို့လာပြီး လွတ်ငြိမ်းခွင့်ပြုကြောင်း လာ ရောက်ဖတ်ပြသွားသည်ဟု သိရသည်။

NLD ဒုတိယဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါကို နှစ်ရှည်ခံစားနေရသူဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်တပ်ကအာဏာသိမ်းရာ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင် ကို ထောင်ဒဏ်(၂၉)နှစ်ချမှတ်ခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ NLD အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၁၉၉၀ ခုနှစ်တွင် စစ်တပ်က ဖမ်းဆီးကာ (၁၉)နှစ် ထောင်ဒဏ်ကျခံခဲ့ရကာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ ရွေးကောက်ခံရကာ မန္တလေးတိုင်း ဝန်ကြီးချုပ်ဖြစ်လာကာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာပြန်သိမ်းချိန် ထပ်မံဖမ်းဆီးထောင်ချခံရခြင်းဖြစ်သည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ (၇)ရက်နေ့အတွင်း ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိ၍ ကျဆုံးခဲ့ရသူ နိုင်ငံရေးအကျဉ်းသား (၁၁)ဦးနှင့် နိုင်ငံရေးအကျဉ်းသူ (၂)ဦး စုစုပေါင်း (၁၃)ဦးရှိလာ ပြီဖြစ်သည်။

#TachileikNewsAgency

Photo: CJ