စစ်ကောင်စီတပ် တပ်မ (၄၄)မှ ဖမ်းဆီးရမိခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၃)ဦးအား ဗျူဟာမှူးအမိန့်ဖြင့် သတ်ဖြတ်ကြောင်း အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားမှ ပြည်သူပန်းတိုင် ရေဆန်လမ်းအစီအစဉ်မှတဆင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုသည်။
၂၀၂၂ ခုနှစ်အတွင်းက ကရင်ပြည်နယ် ဘားအံမြို့နယ် ကျေးရွာတရွာအနီးတွင် ဖမ်းဆီးရမိခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၃)ဦးအား ဗျူဟာမှူးအမိန့်ဖြင့် သတ်ဖြတ်ခဲ့ကြောင်း အလင်းဝင်လာသည့် တပ်မ (၄၄) လက်အောက်ခံ ခလရ(၈) တပ်ရင်းမှ တပ်သား ဝေယံကျော်က ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကျိုက်ထိုမြို့အခြေစိုက် တပ်မ (၄၄) သည် ရခိုင်ပြည်နယ် စစ်ဆင်ရေးမှအပြန် ၂၀၂၂ ခုနှစ်တွင် ကရင်ပြည်နယ် စစ်ဆင်ရေး ထပ်မံဝင်ရောက်ခဲ့ပြီး တပ်မ (၄၄) ကွပ်ကဲမှုအောက် ခလရ (၈)၊ ခမရ (၁၀၂)၊ ခမရ (၂၀၇) တပ်ရင်း (၃) ရင်းပါဝင်သော ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ဦးစီး နည်းဗျူဟာ (၄၄၁) သည် ဘီလင်း-ကမမောင်း-ဘားအံ စစ်ဆင်ရေးချီတက်နေစဉ် ၂၀၂၂ ခုနှစ် ဇူလိုင်လ ဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ (၄) ဦးမှ (၁)ဦးသည် ပြန်လည်ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန် (၃)ဦးအား ဖမ်းဆီးရမိပြီး (၃)ရက်အကြာတွင် ဗိုလ်မှူးကြီးဝင်းမင်းဦး အမိန့်ဖြင့် ခလရ (၈) တပ်ရင်းက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ပန်းတိုင်မှ မေးမြန်းမှုကို တပ်သားဝေယံကျော်က ဖြေကြားခဲ့သည်။
“ဖမ်းဆီးရမိထားတဲ့ PDF (၃)ယောက်ကို စစ်ဆေးပြီး (၃)ရက်အကြာမှာ ရှင်းပြစ်ဖို့ ဗျူဟာမှူးက ကျနော်တို့ တပ်ရင်းကို အမိန့်ပေးတယ်။ ခလရ (၈) စစ်ကြောင်းမှူး (ဒုတပ်ရင်းမှူး) ဗိုလ်မှူးခင်မောင်ဝင်း၊ တပ်ခွဲမှူး ဗိုလ်ကြီးကျော်မျိုးဝင်း နဲ့ တပ်စုမှူး ဗိုလ်ကြီးမင်းအောင်တို့ ဦးစီးပြီး အဲ့မနက်ပိုင်းမှာပဲ ဗျူဟာမှူးအမိန့်အရ အကောင်အထည်ဖော် ရှင်းပစ်ခဲ့တယ်"ဟု တပ်သားဝေယံကျော်က ဆိုသည်။
ထိုသို့ ဖမ်းဆီးရမိထားသည့် PDF တပ်ဖွဲ့ဝင် (၃) ဦးအား သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည့် တပ်မ (၄၄) ကွပ်ကဲမှုအောက် နည်းဗျူဟာ (၄၄၁) ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းဦးသည် ကရင်ပြည်နယ် မြဝတီ-ဝေါ်လေလမ်းပိုင်း လူခို့ညောင်ချောင်းအနီးတွင် ကော်ဘရာစစ်ကြောင်းမှ ပစ်ခတ်သည့် စနိုက်ဘာထိမှန်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့က သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်ပွဲဆိုင်ရာဥပဒေများကို ချိုးဖောက်ကာ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအပါအဝင် အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို မျက်မြင်ကြုံတွေ့ခဲ့ရသူများ၏ ထုတ်ဖော်ပြောဆိုမှုများ လိုအပ်ပြီး ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုမှုများသည် အနာဂတ် မြန်မာနိုင်ငံ၏ တရားမျှတမှုယန္တရား အားကောင်းလာစေရန် အထောက်အကူပြုသလို နစ်နာသူများအတွက်လည်း ကုစားမှု ဖြစ်စေကြောင်း ပြည်သူ့ပန်းတိုင် မှ အသိပေးထားသည်။
#TachileikNewsAgency
Photo: ပြည်သူ့ပန်းတိုင် - People's Goal