သာစည်မြို့တွင် NLD ၏ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ‌ဒေါ်နေနွယ်ဝင်း (ခ) မပအိုဝ့်မ၏ နေအိမ်နှင့်ဆိုင်ခန်းကို အာဏာသိမ်းစစ်တပ်က ချိတ်ပိတ်

သာစည်မြို့တွင် NLD ၏ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ‌ဒေါ်နေနွယ်ဝင်း (ခ) မပအိုဝ့်မ၏ နေအိမ်နှင့်ဆိုင်ခန်းကို အာဏာသိမ်းစစ်တပ်က ချိတ်ပိတ်
ဒီဇင်ဘာ 3, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့တွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ‌ဒေါ်နေနွယ်ဝင်း (ခ) မပအိုဝ့်မ၏ နေအိမ်နှင့် ဆိုင်ခန်းငှားကို အာဏာသိမ်းစစ်တပ်နှင့်အဖွဲ့က ချိတ်ပိတ်သိမ်းသွားသည်။

သာစည်မြို့၊ အမှတ်(၁)ရပ်ကွက်နေ  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ၏ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ‌ဒေါ်နေနွယ်ဝင်း (ခ) မပအိုဝ့်မ၏ နေအိမ်နှင့် ဆိုင်ခန်းငှားဖြစ်သည့် May flower cafe တို့ကို အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့တို့မှ ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင် အချိန်က  ရှာဖွေမှုများ ပြုလုပ်ကာ နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းသွားခြင်း ဖြစ်သည်။

" May flower cafe နဲ့ အိမ် ကို ချိတ်ပိတ်သွား။ ဆိုင်ခန်းငှားတဲ့ သူနဲ့ ဆိုင်ရဲ့ အလုပ်သမားတွေကိုလည်း စစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်သွားကြတယ်။ ရတနာဖြိုး (တွင်ခုံဆိုင်)ကိုလည်း စစ်ကား (၃)စီးနဲ့ ဝင်ရှာတယ်။ စခ တွေ ခုထိ မြို့ထဲမှာ ပတ်နေတုန်းပဲ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ယနေ့ ညနေ(၅)နာရီက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူများအပြင် အမျိုးသားဒီမိုကရေစီအချုပ်ပါတီ(NLD)၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးခြင်းအပြင် NUG၊ CRPH၊ PDF နှင့် ပတ်သက်သည်ဟု စွတ်စွဲကာ နေအိမ်များ နှင့် လုပ်ငန်းစသည့် ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခြင်းအဖြစ် လုပ်ဆောင်နေပြီး  (၂)လတာ ကာလအတွင်း မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းဒေသကြီးတို့အတွင်း အများအပြား ချိတ်ပိတ်ခံနေရပြီး အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း ချိတ်ပိတ်ခံရမှုများ ရှိနေသည်။