စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်၏ သံပြားကာကား (၃)စီးပါ ယာဉ်တန်းအား တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် အမှတ် (၁၁)တပ်ရင်း People's Defence Force - South Monywa အဖွဲ့ထံမှ သိရသည်။
ချောင်းဦးမြို့ထဲမှ ထွက်လာသည့် စစ်ကောင်စီတပ်၏ သံပြားကာကား (၃)စီးနှင့် အိမ်စီးကား (၁)စီးပါ ယာဉ်တန်းအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့ မနက် (၁၀)နာရီ (၄၅)မိနစ်တွင် ချောင်းဦး-မုံရွာ လမ်းပိုင်း မုံရွေးတိုးဂိတ်အနီး၌ တော်လှန်ရေးတပ်ဖွဲ့များက အသင့်ပြင်ထားသည့် ရှေ့ထွက်မိုင်း (၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း (၃)စီးမြောက် လိုက်ပါလာသည့် စစ်ကောင်စီ သံပြားကာကားအား ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပြီး ၊ ကျန်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa၊ Youth Vigor Revolution Force နှင့် Shining Star Local Defense Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မုံရွာ-မန္တလေးလမ်းပိုင်းအား အသုံးပြုနေကြသည့် ပြည်သူများအနေဖြင့် စစ်ကောင်စီ ကားတန်းများနှင့် တွေ့ဆုံပါက အဝေးက ရှောင်ရှားသွားလာကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေသည်နှင့် ကြုံကြိုက်ပါက ရောက်သည့်နေရာမှ ရပ်တန့်ပေးပါရန် မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်းက တိုက်တွန်း အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo: People's Defence Force - South Monywa-V4 (ပုံဟောင်း)