သာယာဝတီထောင်အတွင်း ထောင်ပိုင်နှင့်ထောင်အဆောင်မှူးများသည် အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ယူခြင်းများ လုပ်ဆောင်နေ

သာယာဝတီထောင်အတွင်း ထောင်ပိုင်နှင့်ထောင်အဆောင်မှူးများသည် အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ယူခြင်းများ လုပ်ဆောင်နေ

ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင် ထောင်ပိုင်နှင့်ထောင်အဆောင်မှူးများသည် အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ယူခြင်းများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ သိရသည်။

သာယာဝတီထောင်တွင် ထောင်ပိုင်ရဲရင့်နိုင် နှင့် ထောင်အဆောင်မှူးများသည် အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ယူခြင်းများ၊ ထောင်တွင်းစီးပွားရေးလုပ်ငန်းများ အလွန်အကျွံသောင်းကြမ်း၍ အာဏာအလွဲသုံးစားပြုလုပ်လျှက်ရှိကြောင်း သိရသည်။

 

သာယာဝတီထောင် ထောင်ပိုင်ရဲရင့်နိုင် မှာ ထောင်အတွင်းရောင်းသည့်ကွမ်းယာများကို တစ်ခန်းလျှင် အထုပ် (၃၀)နှုန်းဖြင့် မယူမနေရရောင်းချနေပြီး ၊ ကွမ်းယာထုတ်များမကုန်လျှင် အကျဉ်းသားများအား တိုက်ပိတ်ခြင်းနှင့် ခြေကျင်းခတ်ခြင်းများ ပြုလုပ် အပြစ်ပေးကြောင်း သိရသည်။

ထောင်ပိုင်ရဲရင့်နိုင်သည် ကွမ်းယာအပြင် ထောင်ဝင်စာပစ္စည်းများပို့ခြင်းကို ကန့်သတ်ထားပြီး ထောင်ပိုင်မှရောင်းချသည့် ဟင်းများကိုလည်း မဝယ်မနေရပုံစံဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။

အစားအသောက်ကြပ်တည်းပြီး ရှားပါးသည့် သာယာဝတီထောင်တွင် အကျဉ်းသားများအနေဖြင့် ထိုဟင်းများကို ဈေးနူန်းကြီးမြင့်စွာဖြင့် ဝယ်ယူစားသောက်နေရကြောင်း သိရသည်။

၎င်းအပြင် သာယာဝတီထောင်ရှိ အမျိုးသားအဆောင်(၂) နှင့် အဆောင် (၂)အဆောင်မှူး ကျော်ဇင်သက်သည် အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ (၂) ပွင့်အဆင့်ရှိ အဆောင်မှူး ကျော်ဇင်သက်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလတွင် ၎င်းသင်တန်းတက်မည်ဖြစ်၍ အကျဉ်းသားများထံမှ တစ်ခန်းလျှင် ငါးသောင်းနှုန်းဖြင့် ငွေကြေးကောက်ယူခဲ့ကြောင်း သိရသည်။

ကျော်ဇင်သက် သင်တန်းမှပြန်လည်ရောက်ရှိလာသည့် အခါတွင်လည်း ထောင်အတွင်း အကျဉ်းသားများအား ထောင်မှခိုင်းသည့်အလုပ် မလုပ်လိုလျှင် ၎င်းထံသို့ တစ်ဦးလျှင် ငွေတစ်သိန်းခွဲပေးရပြီး ၊ အဆိုပါတစ်သိန်းခွဲသည် ထောင်သို့ အဆောင်မှူးတစ်ယောက်ပြောင်းတိုင်း တစ်ခါပေးရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထောင်မှ အကျဉ်းသားများအား သော့ခတ်ရန် သော့ခလောက် သံချေးများတက်နေလျှင်လည်း ထောင်ပိုက်ဆံမသုံးဘဲ အကျဉ်းသားများအား အတင်းဝယ်ယူခိုင်းကြောင်း သိရှိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency