စစ်ကောင်စီနှင့် PNO က ဟိုပုံးမြို့ခံ ၂ ဦးကို နေအိမ်ပေါ်တက် ပစ်သတ် 

စစ်ကောင်စီနှင့် PNO က ဟိုပုံးမြို့ခံ ၂ ဦးကို နေအိမ်ပေါ်တက် ပစ်သတ် 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး မြို့ဒေသခံ(၂)ဦးကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နေအိမ်ပေါ်အထိတက်ကာ ပစ်သတ်လိုက်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ(၁၅)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသတ်ခံရသူ(၂)ဦးမှာ ဟိုပုံးမြို့ နောင်ပဖါရပ်ကွက်နေ ဖြားခွန်လှနှင့် ခွန်ဗွုန်း တို့ဖြစ်သည်ဟု PNLA က ယနေ့ ဇွန်လ(၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ဗဟိုလုံခြုံရေးတပ်ရင်းက ၎င်းတို့(၂)ဦးကို နေအိမ်ပေါ်ထိ လာရောက်ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ပစ်သတ်ပြီးနောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်များဖြစ်သဖြင့် ပစ်သတ်ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်များက ပြောဆိုခဲ့သည်ဟု ဆိုသည်။

ပစ်သတ်ခံရသူ(၂)ဦးသည် နောင်ပဖါရပ်ကွက်နေ ပြည်သူများသာဖြစ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နှင့် ပတ်သက်မှုမရှိဟု ဆိုသည်။

ဖြားခွန်လှမှာ နောင်ပဖါရပ်ကွက် ရပ်မိရပ်ဖဖြစ်ပြီး ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေးနှင့် အကျင့်ပျက်နေသူများအား စာရိတ္တပြုပြင်ရေးတွင် တက်ကြွစွာ အကူအညီပေးနေသည့် ရပ်မိရပ်ဖ တစ်ဦးဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် မေလမှ ဇွန်လ (၃)ရက်နေ့အထိ ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲငွေညှစ်ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ (၁၀)ကြိမ်အထက် ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency