MNDAA က သင်္ကြန်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ဖျက်သိမ်း

MNDAA က သင်္ကြန်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ဖျက်သိမ်း

ငလျင်ဒဏ်သင့် မြန်မာပြည်သူများအား လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့အပါအဝင် အထူးဒေသ(၁)တွင် သင်္ကြန်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများအား ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

အထူးဒေသ(၁)တွင် သင်္ကြန်ပွဲတော် ကျင်းပရန် ပြင်ဆင်နေသည့် MNDAA သည် မဏ္ဍပ်များ ဆောက်လုပ်နေချိန်ဖြစ်ပြီး ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက လှုပ်ခတ်သည့် အင်းအားပြင်းငလျင်ကြောင့် သင်္ကြန်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများအား ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

ငလျင်ဒဏ်သင့်ဒေသများသို့ ငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ရန် အထူးဒေသ(၁)အတွင်းရှိ မြို့နှင့်ခရိုင်အသီးသီးမှ အဓိက ခေါင်းဆောင်တစ်ဦးခန့်အပ်ပြီး သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းမည်ဟုလည်း သိရသည်။

ဒေသခံ အရပ်ဘက်တပ်ဖွဲ့များအား ကူညီထောက်ပံ့ပေးရန်နှင့် ငလျင်ဘေးသင့်ဒေသရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ ကယ်ဆယ်ရေး၊ စေတနာ့ဝန်ထမ်းဝန်ဆောင်မှုများ အကောင်အထည်ဖော်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်ကူညီပေးရန်လည်း ထုတ်ပြန်သည်။

 

အထူးဒေသမှ ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ကျွမ်းကျင်ဝန်ထမ်းများရွေးချယ်ကာ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဆက်စပ်ပစ္စည်းများနှင့် စက်ကိရိယာများပြင်ဆင်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်ရန် နှင့် ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရန်လည်း ထုတ်ပြန်ထားသည်။

အထူးဒေသအတွင်းရှိ ဆေးရုံအားလုံးသည် ငလျင်ဒဏ်သင့်ဒေသများမှ ရောက်ရှိလာမည့် လူနာများအတွက် အခမဲ့ ဆေးဝါးကုသမှုအကူအညီများပေးနိုင်ရန် အစွမ်းကုန်ကြိုတင်ပြင်ဆင်ထားရန်အပြင် အထူးဒေသမှ အစိုးရအဖွဲ့များနှင့် ပြည်သူများက ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများရောက်ရှိလာပါက အခမဲ့ အစားအသောက်များ၊ နေရာထိုင်ခင်းများကို ထောက်ပံ့ကူညီရန်လည်း စီစဉ်နေသည်။

စစ်ကောင်စီ၏ ယနေ့နေ့လယ်ပိုင်းထုတ်ပြန်သောစာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့် ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ(၁၀၀၂)ဦး၊ ဒဏ်ရာရသူ(၂၃၇၆)ဦးနှင့် ပျောက်ဆုံးနေသူ(၃၀)ဦးရှိသည်ဟု ဖော်ပြသည်။

လက်ရှိတွင် ထိခိုက်၊ သေဆုံးသူအရေအတွက် ထပ်တိုးလာနေပြီး ကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်သည်။

#TachileikNewsAgency

Photo:The Kokang