ရာထူးစဉ်မပြည့်မီသည့် ကာလုံအစည်းအဝေး စစ်ဗိုလ်ချုပ်ကြီးများသာ စိုးမိုးထား

ရာထူးစဉ်မပြည့်မီသည့် ကာလုံအစည်းအဝေး စစ်ဗိုလ်ချုပ်ကြီးများသာ စိုးမိုးထား

စစ်ကောင်စီကပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အရပ်သားဟုဆိုရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တစ်ဦးတည်းသာပါဝင်ပြီး ကျန်(၈)ဦးမှာ စစ်ဗိုလ်ချုပ်ကြီးများဖြစ်နေသည်။

ရာထူးစဉ်မပြည့်မီသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးသို့ တက်ရောက်လာသူ ဝန်ကြီးများမှာ အရေခွံပြောင်းလဲထားသော အရပ်ဝတ်ဖြင့် စစ်ဗိုလ်ချုပ်ကြီးများသာဖြစ်နေသည်။ 

အရပ်သားဟုဆိုရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်မှာ စစ်တပ်အသိုင်းအဝိုင်းပါတီဟု လူသိမျာ သော ကြံ့ဖွံ့ပါတီမှ တက်လာသူ တစ်ဦးဖြစ်နေပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှာလည်း စစ်တက္ကသိုလ် အမှတ်စဉ်(၁၆)ကို တက်ရောက်ကာ ဗိုလ်မှူးကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ 

ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင်ပြုလုပ်သည့် စစ်ကောင်စီ၏ (၈)ကြိမ်မြောက် သက်တမ်းတိုးခြင်း ကာလုံအစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ကြသည်။ 

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်တပ်အာဏာသိမ်းစဉ် ဒုတိယသမ္မတဖြစ်သော ကြံဖွံ့ပါတီမှတင်သည့် ဦးမြင့်ဆွေသည် ယာယီသမ္မတတာဝန်ဖြင့် လုံခြုံရေးကောင်စီအစည်းအဝေးသို့ တက်ရောက်ခဲ့သော်လည်း စစ်ခေါင်းဆောင်အလိုကျ တာဝန်မှ ရပ်နားခံလိုက်ရသည်။

ထို့အပြင် ဒီချုပ်ပါတီမှတင်သည့် ဒုတိယသမ္မတတစ်ဦးဖြစ်သော ဦးဟင်နရီဗန်ထီးယူမှာလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးသို့ နှစ်ကြိမ်ခန့် တက်ရောက်ပြီးနောက် ရပ်နားခံလိုက်ရသည်။

ထို့ကြောင့် စစ်ခေါင်းဆောင်သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့တွင် ယာယီသမ္မတဦးမြင့်ဆွေက ကျန်းမာရေး မကောင်းဟုဆိုသော အကြောင်းပြချက်ဖြင့် ၎င်းအား ယာယီသမ္မတ တာဝန်အားလွှဲအပ်ရာ ယာယီသမ္မတ ဦးမင်းအောင်လှိုင်ဖြစ်လာပြန်သည်။

စစ်ခေါင်းဆောင်သည် အာဏာသိမ်းစဉ်က ၎င်း၏ လူယုံများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဗိုလ်ချုပ် ရဲအောင်၊ ဗိုလ်ချုပ် မိုးမြင့်ထွန်းတို့နှင့်အတူ ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေကိုထား၍ ကာလုံအစည်းအဝေးခေါ်ယူ အာဏာသိမ်းခဲ့ကြသည်။

သို့သော်လည်း အာဏာသိမ်းသည့် (၄)နှစ်ပြည့်တွင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဗိုလ်ချုပ် ရဲအောင်၊ ဗိုလ်ချုပ် မိုးမြင့်ထွန်းတို့နှင့်အတူ ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေတို့မှာ ဖြုတ်၊ ထုတ်၊ ထောင်ချခံဘဝရောက်သွားသည်။

ထို့ကြောင့် စစ်ခေါင်းဆောင်သည် မူလ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးအပြင် အာဏာသိမ်းပြီးနောက် ရရှိလာသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ယာယီသမ္မတရာထူး တို့ကို ပိုင်ဆိုင်သွားသည်။ 

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဟုခေါ်သော ကာလုံကို ၂၀၁၁ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး သတ်မှတ်ချက်တွင် အဖွဲ့ဝင် (၁၁)ဦးအထိ ပါဝင်ကာ (၅)ဦးကို စစ်ခေါင်းဆောင်က ခန့်အပ်သည်ဟု ဆိုသည်။ 

ပါဝင်သည့်အဖွဲ့ဝင်များမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ(၂)ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတို့ ဖြစ်သည်။

သို့သော်လည်း အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်သည် နိုင်ငံတော်သမ္မတကို ဖမ်းဆီးထားကာ ဒုတိယသမ္မတ နှစ်ဦးကို ဖြုတ်ထားပြီး အရပ်ဖက်ဝန်ကြီးနေရာများကို စစ်ဗိုလ်ချုပ်ကြီးများအား ခန့်အပ်ထားသည်။

ဒီမိုကရေစီနည်းအရ ဝန်ကြီးဌာနအများစုကို အရပ်သားများအား ခန့်အပ်ရမည်ဖြစ်သော်လည်း စစ်တပ်သည် ၎င်းတို့အာဏာကြီးထွားရေး စစ်ဗိုလ်ချုပ်ကြီးများကိုသာ ရယူထားစေသည်။

ထို့အပြင် သတ်မှတ်ချက်တွင် ပါဝင်နေသည့် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ်ဖြစ်နေသဖြင့် စစ်ခေါင်းဆောင်သည် (၆) လတစ်ကြိမ် သက်တမ်းတိုးခြင်းကို ကန့်ကွက်သူမရှိ အသာတကြည် (၈)ကြိမ်မြောက် တိုးနေနိုင်ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲပြုလုပ်ရန်နှင့် တည်ငြိမ်အေးချမ်းမှုမရှိသေး၍ဆိုသော အကြောင်းပြချက်ဖြင့် (၆) လထပ်မံ အာဏာသိမ်းလိုက်သည်ဟု ဆိုရမည်ဖြစ်သည်။

#TachileikNewsAgency

#TNA_MAT