စစ်မှုထမ်းခေါ်ဆောင်ရေးနှင့်ပါတ်သက်၍ ဆင့်ခေါ်ရေးအဖွဲ့များကို ပြန်လည်စောင့်ကြည့်ရန် စစ်ကောင်စီတပ်သားများကို အာဏာသိမ်းဒုခေါင်းဆောင် ညွှန်ကြား

စစ်မှုထမ်းခေါ်ဆောင်ရေးနှင့်ပါတ်သက်၍ ဆင့်ခေါ်ရေးအဖွဲ့များကို ပြန်လည်စောင့်ကြည့်ရန် စစ်ကောင်စီတပ်သားများကို အာဏာသိမ်းဒုခေါင်းဆောင် ညွှန်ကြား

စစ်မှုထမ်းခေါ်ဆောင်ရေးနှင့်ပါတ်သက်၍ အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့များကို ပြန်လည်စောင့်ကြည့်ရန် စစ်ကောင်စီတပ်သားများအား အာဏာသိမ်းဒုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောဆိုသည်။

အာဏာသိမ်းဒုခေါင်းဆောင် စိုးဝင်း သည် ၂၀၂၅ခုနှစ် မတ်လ(၂၀)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ကလောတပ်နယ်မှ စစ်ကောင်စီတပ်သားများနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

“အချို့သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည့်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေနှင့်မညီသော မလိုလားအပ်သည့် ငွေကြေးမသမာမှုများကြောင့် စုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်းအချို့၌ အခက်အခဲ အကြပ်အတည်း ဖြစ်ပေါ်လာကာ အဆိုပါ နိစ္စဒူဝ ပြဿနာကိုလည်း ဖြေရှင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်သားများအနေဖြင့် ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့များ၏ မှားယွင်းသော လုပ်ဆောင်မှုများတွေ့ရှိပါက သက်ဆိုင်ရာသို့ အချိန်နှင့်တပြေးညီ အသိပေးတင်ပြဆောင်ရွက်ပေးကြရန်လိုကြောင်း”ဟု ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။ 

စစ်ကောင်စီတွင် အင်အားတောင့်တင်းရန်လိုအပ်နေသဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် စတင်အသုံးပြု၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းထားရှိပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကိုသာ ဥပဒေနှင့်အညီ သင်တန်းများဖွင့်လှစ်သင်ကြားပေး ခန့်အပ်တာဝန်ပေးနေသည်ဟု စိုးဝင်းက ပြောသည်။  

ရပ်ကွက်နှင့် ကျေးရွာများတွင် စစ်မှုထမ်းရန် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် မဲနှိုက်ခေါ်ယူနေရာ စစ်မှုထမ်းရမည့်သူအတွက်ဟုဆိုပြီး တစ်အိမ်လျှင် ငွေကျပ်(၂၀၀၀၀)အထိ ကောက်ယူခြင်းများရှိနေသည်။

စီးပွားရေးကြပ်တည်းမှုကြောင့် ငွေကြေးမထည့်နိုင်ပါက စစ်ကောင်စီတပ်သားများအား ခေါ်ယူဖမ်းဆီးခိုင်းခြင်း အပြင် ခြိမ်းခြောက်ပြောဆိုခြင်းများကိုပါ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လုပ်ဆောင်နေခြင်းဖြစ် သည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့် အပတ်စဉ်တစ်ခုလျှင် လူဦးရေ(၄၅၀၀)နှုန်းဝန်းကျင် ခေါ်ယူစုဆောင်းနေရာ အပတ်စဉ်(၁၁)အထိ ရောက်ရှိနေပြီဖြစ်သည်။

စစ်မှုထမ်းဥပဒေစတင်အသုံးပြုစဉ်က စစ်မှုထမ်းတပ်သားများအား ရှေ့တန်းမထွက်ရဟု ဝါဒဖြန့်ကာ တပ်သားသစ်စုဆောင်းခဲ့သော်လည်း လက်တွေ့တွင် ရှေ့တန်းနေရာအနှံ့သို့ ပို့ဆောင်နေခြင်းကြောင့် စစ်မှုထမ်းတပ်သားသစ်များ ရှေ့တန်းတွင် သေဆုံးသူများလာသည်ဟု တော်လှန်ရေးတပ်များ၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။

#TachileikNewsAgency