ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ရှိ လိုတပ် နှင့် မက်ခိုးအကြား မြန်မာများ လမ်းဖြတ်ကူးစဉ် ယာဉ် မကြာခဏ တိုက်ခံနေရ၍ လမ်းဖြတ်မကူးရန် သံတန်းများဖြင့် ကာရံထား

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ရှိ လိုတပ် နှင့် မက်ခိုးအကြား မြန်မာများ လမ်းဖြတ်ကူးစဉ် ယာဉ် မကြာခဏ တိုက်ခံနေရ၍ လမ်းဖြတ်မကူးရန် သံတန်းများဖြင့် ကာရံထား

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လိုတပ် (Tesco Lotus )နှင့် မက်ခိုး ( Makro )သို့ ဈေးဝယ်သွားသူများနေဖြင့် လမ်းဖြတ်ကူးခွင့် မရှိဘဲ ဖြတ်ကူးသည့်အတွက် မကြာခဏ ယာဉ်တိုက်ခံရမှုများနှင့် ကြုံနေရခြင်းကြောင့် ဂုံးကျော်တံတား တည်ဆောက်ရန် ဘတ်ဂျက် တောင်းခံသွားမည်ဖြစ်ပြီး လတ်တလောတွင်  သံတန်းများဖြင့် ကာရံထားကြောင်း သိရသည်။

လိုတပ် (Tesco Lotus )နှင့် မက်ခိုး ( Makro )အကြား ထနွန် ဖဟိုယီုထင်း လမ်းမကြီးပေါ်တွင် ယာဉ်နှင့်လူ တိုက်မိမှု မကြာခဏ ဖြစ်ပွားသည့်အတွက် မယ်ဆိုင် စည်ပင်သာယာရေးအဖွဲ့က ထိုင်းဘာသာစာသားအပြင် "အန္တရာယ်များ၍ လမ်းလယ်ကျွန်းကို မကူးပါနှင့်"ဟု မြန်မာဘာသာဖြင့်ပါ ပူးတွဲဖော်ပြကာ ၂၀၂၄ခုနှစ်အတွင်းက သတိပေးဆိုင်းဘုတ်များ ထောင်ထားရသည်။

သတိပေးဆိုင်းဘုတ်ထောင်ထားသော်လည်း ဆက်လက်၍ ဖြတ်သန်းနေဆဲ ဖြစ်ခြင်းကြောင့် သံတန်းများဖြင့် ကာရံမှုကို လုပ်ဆောင်ရာ ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ပြီးစီးကြောင်း နှင့်  လမ်းဖြတ်ကူးနိုင်ရန်အတွက် ဂုံးကျော်တံတား တည်ဆောင်သွားရန် ဘတ်ဂျက်တင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း ဝမ်းဖန်းခမ်း စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် အသိပေးထားရှိသည်။ 

 

လိုတပ် (Tesco Lotus )နှင့် မက်ခိုး ( Makro )သို့ မြန်မာနိုင်ငံသားများ သွားလာမှု အများဆုံးဖြစ်ပြီး အမှတ်(၁)တံတားထိပ်ကနေ လိုင်းကားစီးကာ မက်ခိုးရှေ့တွင် ဆင်းပြီး နောက် လိုတပ်ဘက်သို့ ဖြတ်ကူးမှုများကြောင့် ယာဉ်တိုက်ခံရမှုများ မကြာခဏနေခြင်း ဖြစ်သည်။

မယ်ဆိုင်မြို့ဘက် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်ရှိ လိုင်းကားဂိတ်ကနေ လိုတပ်သို့ သွားမည်ဆိုပါက လိုတပ်သို့ အရောက်ပို့ခိုင်း၍ ရကြောင်း သိရသည်။

"လိုင်းကားစီးရင် မက်ခိုးကို သွားရင် (၁၅)ဘတ်၊ လိုတပ်အထိ ပို့ခိုင်းရင် (၂၀)ဘတ် ပေးရင် အရောက်ပို့ပေးတယ်။"ဟု လိုင်းကားဖြင့် သွားလာခဲ့ဖူးသူ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။

တာချီလိတ်မြို့တွင် နေထိုင်သူများနှင့် တာချီလိတ်မြို့သို့ လာရောက်လည်သူများသည် တာချီလိတ်မြို့၏ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားရောက် လည်ပတ်ရာတွင် မဖြစ်မနေ  လိုတပ် (Tesco Lotus ) သို့မဟုတ် မက်ခိုး ( Makro )သို့ ဈေးဝင်ဝယ်လေ့ရှိကြသည်။