မြန်မာနယ်စပ်ရှိ ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းမှုရလဒ်ထွက်လာသည်အထိ လျှပ်စစ်နှင့် စက်သုံးဆီ ဖြတ်တောက်မှုအား ဆက်လက်ထားရှိရန် ထိုင်းနိုင်ငံလုံခြုံရေးကော်မတီ၏ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ဘုရားသုံးဆူဒေသများကို လျှပ်စစ်ဓါတ်အား၊ အင်တာနက်နှင့် လောင်စာဆီဖြတ်တောက်မှုပြုလုပ်ထားသည့် ရက်သတ္တပတ်တစ်ပတ်ပြည့် ပြန်လည်သုံးသပ်သည့်အစည်းအဝေးကို ယနေ့ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ တွင် ပြုလုပ်ပြီး ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
နောက်ထပ် ထပ်တိုးအရေးယူမှုများ အဖြစ် ဆိုလာပြားတင်ပို့မှုရပ်ဆိုင်းရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက အဆိုပြုသည့်နည်းတူ စွမ်းအင်ဝန်ကြီးကလည်း စက်သုံးဆီနှင့် ဂက်စ်တင်ပို့မှုကို ရပ်ဆိုင်းရန် အဆိုပါ အစည်းအဝေးတွင် အဆိုပြုကြသည်ဟု သိရသည်။
“အကယ်၍ အွန်လိုင်းငွေလိမ်မှုတွေ (ကျားဖြန့်)တွေ လျော့မသွားဘူးဆိုရင်တော့ ထပ်တိုးပိတ်ဆို့မှုတွေ ဆက်လုပ်သွားမယ်”ဟု နိုင်ငံလုံခြုံရေးကော်မတီအထွေထွေအတွင်းရေးမှူး Chatchai Bangchuad က ပြောသည်။
ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ရေးနှင့်ပတ်သက်၍ အသံလွှင့် နှင့် ဆက်သွယ်ရေးကော်မရှင်၏ အမိန့်ကို စောင့်ဆိုင်းနေသည်ဟု ဆိုသည်။
မြန်မာဘက်မှ တရုတ်တရားမဝင် လုပ်ငန်းများကို ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပစ်နိုင်ပါက မြန်မာဘက်သို့ ဖြတ်တောက်ထားခြင်းများအား ပြန်လည်သုံးသပ်မည်ဟု ပြောကြားထားသည်။
Source: The Nation