ကျားဖြန့်လုပ်ငန်းများ နှင့် ပတ်သက်ပြီး အားလုံး လိုလားတောင့်တနေသည့် အရာတစ်ခုကို မကြာခင် ကွက်ကွက် ကွင်းကွင်း အလုပ် လုပ်ပြမည်ဟု BGF ဆို

ကျားဖြန့်လုပ်ငန်းများ နှင့် ပတ်သက်ပြီး အားလုံး လိုလားတောင့်တနေသည့် အရာတစ်ခုကို မကြာခင် ကွက်ကွက် ကွင်းကွင်း အလုပ် လုပ်ပြမည်ဟု BGF ဆို

 ထိုင်း - မြန်မာနယ်စပ် မြဝတီဒေသရှိ ကျားဖြန့််လုပ်ငန်းများနှင့်ပတ်သက်ပြီး အားလုံး လိုလားတောင့်တနေသည့် အရာတစ်ခုကို မကြာခင် ကွက်ကွက်ကွင်းကွင်း အလုပ် လုပ်ပြမည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်( Border Guard Forces - BGF) ၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးနိုင်မော်ဇော်က ပြောသည်။

“ရှင်းရှင်းပြောရရင် အားလုံး လိုလားတောင့်တနေတဲ့ အရာတစ်ခုကတော့ မကြာခင် ကွက်ကွက်ကွင်းကွင်း အလုပ်လုပ်ပြမှာပါ။ မကြာမီမျှော်ပါ။”ဟု ဗိုလ်မှူးနိုင်မော်ဇော်က Tachileik News Agency ကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပြောသည်။

မြဝတီဒေသတွင် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားလည်းရှိနေသေးပြီး နိုင်ငံတော်၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းစစ်ဆေးပြီးမှသာ တဖက်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းရခြင်းဖြစ်ပြီး နိုင်ငံခြားသား (၆၀)ကျော်ကို ဒုတိယအကြိမ်အဖြစ် ထပ်မံလွှဲပြောင်းရန် စိစစ်နေပြီဟုလည်း ဆိုသည်။

“ဒီတစ်ကြိမ်တော့ အင်ဒိုနီးရှားနိုင်ငံသားများမယ်။ တရုတ်ကတော့ မကြာခင်မျှော်လို့ပဲ အဲဒီလောက်ပဲ စာတမ်းထိုး ချင်တယ်။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။ 

BGF အနေဖြင့် နိုင်ငံခြားသားများကို ထိုင်းဘက်သို့ တရားဝင် မဟုတ်ဘဲ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းမှာ အကြိမ် ပေါင်းများစွာရှိနေပြီဖြစ်သော်လည်း သတင်းထုတ်ပြန်မရှိသဖြင့် စာရင်းမဝင်ခြင်းကြောင့် သဲထဲရေသွန်ဖြစ်ရသည်ဟုလည်း ဆိုသည်။ 

ဖေဖော်ဝါရီလ (၆)ရက်နေ့က ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့ BGF ဌာနချုပ် ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများ တွင် လူကုန်ကူးခံရသည့် နိုင်ငံခြားသား (၆၁)ဦးကို BGF က ပထမအကြိမ် အမှတ်(၂)တံတားမှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲ ပြောင်းပေးခဲ့သည်။

ပြန်ပို့ပေးသည့် နိုင်ငံခြားသား(၆၁)ဦးမှာ တရုတ်နိုင်ငံသား(၃၉)ဦး၊ အန္ဒိယနိုင်ငံသား(၁၃)ဦး၊ ကာဇက်စတန်နိုင်ငံ သား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံ သား(၅)ဦး၊ အီသီယိုးပီးယားနိုင်ငံသား တစ်ဦး၊ ပါကစ္စတန်နိုင်ငံသား တစ်ဦးနှင့် မလေးရှားနိုင်ငံသား တစ်ဦးတို့ ပါဝင်ခဲ့သည်။

ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့် (အွန်လိုင်းလိမ်လည်ဂိုဏ်း)များထံ ရောက်ရှိနေသူများအား BGF က တစ်လလျှင် လူ(၁,၀၀၀)နှုန်း ပြန်လွှဲပေးရန် စီစဉ်နေသည်။

ထို့အပြင် ယမန်နေ့က ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့တွင် စစ်ကောင်စီထောက်ခံသူများက ထိုင်းနိုင်ငံကုန်စည်များကို အသုံးမပြုရန် သပိတ်မှောက်သည့် ဆန္ဒပြမှုတွင် BGF မပါဝင်ဟုလည်း ဗိုလ်မှူးနိုင်မောင်ဇော်က ငြင်းသည်။

“အဲဒါနဲ့ပတ်သက်ပြီးတော့ ပြတ်ပြတ်သားသား ပြောရဲပါတယ်။ ဒီဆန္ဒပြမှုနဲ့ပတ်သက်တဲ့ နောက်ကွယ်မှာလည်း ကျွန်တော်တို့တပ်ဖွဲ့ လုံးဝမပါဝင်သလို ကျွန်တော်တို့တပ်ဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မှုလည်း မပါဝင်ဘူး။ ကျွန်တော်တို့က ဒီလိုမျိုး ကလေးကလားဆန်တဲ့အလုပ်တွေကို မလုပ်ပါဘူး။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

မြဝတီဒေသကို လျှပ်စစ်မီးနှင့် စက်သုံးဆီအား ထိုင်းနိုင်ငံဘက်က ဖြတ်တောက်လိုက်သဖြင့် ရွှေကုက္ကိုလ်ဒေသ တွင် အခက်အခဲဖြစ်နေကာ အသက်ရှင်ရပ်တည်ရေးအတွက်သာ လည်ပတ်နေနိုင်တော့သည်ဟုလည်း ဆိုသည်။

“အခက်အခဲကတော့ ဖြစ်တာပေါ့။ အခုဘယ်လိုလည်ပတ်နေရလဲဆိုတော့ ရှိတာလေးနဲ့ပဲ ခြိုးခြုံပြီးတော့မှ အလုပ်အဖြစ်ကတော့ လည်ပတ်လို့ မရတော့ပါဘူး။ လက်ရှိကတော့ အသက်ရှင်ရပ်တည်ရေးအတွက်ပဲ လည်ပတ် နေနိုင်တော့တယ်။ ရေတင်တာတို့ ဘာတို့ ညာတို့လောက်ပဲ လည်ပတ်နေတာရှိပါတယ်။”ဟု ဗိုလ်မှူးနိုင်မောင်ဇော် က ပြောသည်။

၎င်းတို့ကြောင့် ပြည်သူအများထိခိုက်ရသည်ကို စိတ်မကောင်းဖြစ်ရပြီး BGF အဖွဲ့ကို စက်သုံးဆီမရောင်းခြင်းသာ ပြုလုပ်မည်ဆိုက ကြေနပ်သည်ဟုလည်း သူကဆိုသည်။

“ငါတို့ ရောင်းပေးမှရတာ၊ ငါတို့ပေးမှဖြစ်တယ်ဆိုတဲ့ပုံမျိုးဖြစ်သွားတာပေါ့။ ကျွန်တော်တို့ကြောင့် ကျွန်တော်တို့ ပြည်သူတွေ အခက်အခဲဖြစ်သွားတာတွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ ဒါလည်း ကျွန်တော်တို့ အမြန်ဆုံး ဒီကိစ္စကိုဖြေရှင်းမယ်။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

ထိုင်းအစိုးရက မြန်မာနယ်စပ်ဘက်တွင် တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများ မလည်ပတ်နိုင်ရန်အတွက် ဟုဆိုကာ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ကစပြီး မြဝတီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူဒေသများကို လျှပ် စစ်မီးနှင့် စက်သုံးဆီများအား ကန့်သတ်ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသတလျှောက်  လျှပ်စစ်မီး နှင့် စက်သုံးဆီပြန်လည် ရရှိရေးအတွက် နယ်ခြားစောင့်တပ်( Border Guard Forces - BGF) က ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရေး လုပ်ဆောင်သွားမည်ဟု ပြောကြားထားသလို ဘုရားသုံးဆူဒေသဘက် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် ( Democratic Karen Buddhist Army - DKBA )ကလည်း ကျားဖြန့်လုပ်ငန်းများ မရှိစေရေ လုပ်ဆောင်သွားမည်ဟု အသိပေးထားပြီး တာချီလိတ်အနေဖြင့် စစ်ကောင်စီအလုံးစုံအုပ်ချုပ်ရာ ဒေသဖြစ်သည့်အတွက် စစ်တပ်နှင့်ရဲက အွန်လိုင်းလောင်းကစားများကို မဖမ်းမိက ရှောင်ထားနိုင်ရန် ကြိုတင်အသိပေးပြီးနောက် ဖေဖော်ဝါရီလ(၇)ရက်နေ့ကစပြီး ရှာဖွေ သိမ်းဆည်းမှုများ လုပ်ဆောင်နေလျှက်ရှိသည်။