CDM ကြောင့် လစ်လပ်သွားသည့် ဝန်ကြီးဌာနများက ရာထူး ၁၀၀၀ ဝန်းကျင်ကို စစ်ကောင်စီခေါ်ယူ 

CDM ကြောင့် လစ်လပ်သွားသည့် ဝန်ကြီးဌာနများက ရာထူး ၁၀၀၀ ဝန်းကျင်ကို စစ်ကောင်စီခေါ်ယူ 

စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကာ CDM ပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်းဦးရေများခြင်းကြောင့် လုပ်ငန်းကောင်းမွန်စွာ မလည်ပတ်နိုင်တော့သည့် စစ်ကောင်စီ၏ ဝန်ကြီးဌာန(၁၉)ခုက လစ်လပ်ရာထူးနေရာ (၁၀၀၀)ဝန်းကျင်အတွက် လူခေါ်ယူနေသည်ဟု စစ်ကောင်စီဘက်က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာမှတဆင့် ဖော်ပြသည်။ 

စစ်ကောင်စီ၏ ဝန်ကြီးဌာန(၁၉)ခုအတွက် လစ်လပ်ရာထူးနေရာ(၁၀၀၀)ဝန်းကျင်တွင် CDM ဝန်ထမ်းများနှင့် ထုတ်ပယ်ထားသူများအား ပြန်လည်ရွေးချယ်မည်မဟုတ်ဟုလည်း စစ်ကောင်စီက ဆိုသည်။ 

"CDM ဆိုမှတော့ သူတို့ လက်အောက်မှာ အလုပ်မလုပ်ချင်လို့ ထွက်တာလေ။ ဘယ်လိုနည်းနဲ့မှ သူတို့ လက်အောက်ကို ပြန်ဝင်စရာ အကြောင်းမရှိဘူး။ ဒါကို ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုစာထည့်ပြီး ရေးသလဲ မသိဘူး။"ဟု CDM ဝန်ထမ်းတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

လစ်လပ်နေရာခေါ်နေသည့် ဝန်ကြီးဌာနများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းချုပ်ရုံးတို့ ဖြစ်သည်။ 

“ပြည်သူတွေအကုန်လုံးက ဒီထက်ပိုပြီး တွန်းလှန်ကြမှသာလျှင် ကျွန်တော်တို့ ဒီအခက်အခဲက လွတ်မြောက်နိုင်မှာဖြစ်တယ်။ မဟုတ်ဘူးဆိုလို့ရှိရင်တော့ အရေအတွက်အရ ရိုက်ထုတ်လာမယ့် ကျွမ်းကျင်ပညာရှင်လို့ အမည်ခံထားတဲ့သူတွေဟာ လူ့အဖွဲ့အစည်းမှာ အများကြီးနှစ်နဲ့ချီအောင် ဆိုးကျိုးတွေဖြစ်လာစေလိမ့်မယ်။”ဟု CDM နိုင်ငံဝန်ထမ်းထုညီလာခံ ကြားကာလအကောင်အထည်ဖော်ရေးအဖွဲ့မှ ဒေါက်တာလွမ်းဝေက Tachileik News Agency ကို ပြောသည်။

အဆိုပါ ဝန်ကြီးဌာနများလက်အောက်ရှိ ဦးစီးဌာန (၄၀)ကျော်အတွက် ခေါ်ယူနေခြင်းဖြစ်ကာ ဦးစီးအရာရှိမှ လက်ထောက်ကထိကအထိ ခေါ်ယူမှုများပါဝင်သည်။ 

၎င်းရာထူးများအတွက် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်သည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

#TachileikNewsAgency