အာဏာသိမ်းစစ်ကောင်စီတပ်က KNU သိမ်းယူထားသည့် မော်ခီးတပ်စခန်းကို ပြန်လည်ရယူရန် မဲဆောက်မှ တဆင့် ဝင်ရောက်မည်ဟု သတင်းထွက်ပေါ်

အာဏာသိမ်းစစ်ကောင်စီတပ်က KNU သိမ်းယူထားသည့် မော်ခီးတပ်စခန်းကို ပြန်လည်ရယူရန် မဲဆောက်မှ တဆင့် ဝင်ရောက်မည်ဟု သတင်းထွက်ပေါ်

 ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ မောခီးကျေးရွာရှိ KNU သိမ်းယူထားသည့် မောခီးတပ်စခန်းကို ပြန်လည်တိုက်ခိုက်ရန် အာဏာသိမ်းစစ်ကောင်စီတပ်များ ယာဉ်အစီး(၄၀)ကျော်ဖြင့် မဲဆောက်မှတဆင့် ဝင်ရောက်မည်ဟု အတွင်းသတင်းပေးပို့ချက် အရ သိရသည်။

ကား(၄၃)စီးအပြည့်ပဲ။ ထိုင်းနိုင်ငံ၊ မဲဆောက်ကိုကူးလိုက်ပြီ၊ အခု မဲဆောက်ကိုရောက်ပြီ။ မဲဆောက်ကနေပြီးတော့ သောင်ရင်းချောင်းစောင်းအတိုင်းကိုသွားပြီးတော့ ‌ဝေါ်လေနောက်ကြောကနေ သူတို့ဖြတ်ပြီးတော့ ဝေါ်လေကိုပြန်ပြီးတော့ ဝိုင်းပြီး‌တော့ သူတို့ကျရှုံးထားတဲ့ မော်ခီးစခန်းကို ပြန်တိုက်ဖို့ ဝင်လာပြီ။

ဟု အမည်မဖော်လိုသူ အတွင်းသတင်းပေးသူတစ်ဦးက ပြောသည်။

အဆိုပါ တပ်စခန်းကို မတ်လ(၂၁)ရက်က KNLA တပ်မဟာ (၆)လက်အောက်ခံ တပ်ရင်း(၂၀၁)နှင့် DKBA တို့ စုပေါင်း၍  တိုက်ခိုက်သိမ်းယူခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်သားများ ထွက် ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီစစ်ကြောင်းမှူးနှင့် တပ်ကြပ်တစ်ဦးကို မတ်လ(၂၅)ရက်က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသေးသည်။

ထို့နောက် အာဏာသိမ်းစစ်ကောင်စီတပ်များသည် မတ်လ(၂၇) ရက်က ဝေါ်လေသို့ ကျူးကျော်ဝင်ရောက်လာသဖြင့် Cobra အဖွဲ့ နှင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၆၀)ကျော်သေပြီး လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့‌သေးသည်။