မဲဆောက်ကနေ မြဝတီကို မှောင်ခိုတင်ပို့မည့် စက်သုံးလှောင်စာဆီ လီတာ (၅၀၀)ကျော် သိမ်းဆည်း ခံရ

Photo: Thai Army
Photo: Thai Army
မဲဆောက်ကနေ မြဝတီကို မှောင်ခိုတင်ပို့မည့် စက်သုံးလှောင်စာဆီ လီတာ (၅၀၀)ကျော် သိမ်းဆည်း ခံရ
ဖေဖော်ဝါရီ 19, 2025 | နယ်စပ်သတင်း

 ကျားဖြန့်လုပ်ငန်းများကြောင့် လျှပ်စစ်နှင့် စက်သုံးဆီ ဖြတ်တောက်ခံထားရသည့် မြဝတီမြို့အတွက် မဲဆောက်ဘက်ကနေ မှောင်ခို တင်ပို့ရန် လုပ်ဆောင်နေသည့် စက်သုံးဆီလီတာပေါင်း (၅၀၀)ကျော်ကို ထိုင်းစစ်တပ်နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီး သိမ်းဆည်းလိုက်ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ မဲဆောက်မြို့ ဘန်ဒွန်ချိုင်းကျေးရွာအတွင်း ကမ်းစပ်အနီးတွင် ရပ်တန့်ထားသည့် ကားပေါ်က စက်သုံးဆီ(၂၀)လီတာဆံ့သည့် ပုံး စုစုပေါင်း (၂၇)ပုံးကို တွေ့ရှိရာ စက်သုံးဆီ လီတာပေါင်း (၅၄၀)ကို သိမ်းဆည်းရရှိခြင်း ဖြစ်ကြောင်း သိရသည်။

 အဆိုပါ စက်သုံးလောင်စာဆီများကို ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီး သိမ်းဆည်းခြင်း ဖြစ်သည်။

မဲဆောက် - မြဝတီ နယ်စပ်တလျှောက် ထိုင်းဘက်တွင် ထိုင်း ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၃၄၆)နယ်ခြားစောင့်တပ်ဖွဲ့များအပါအဝင် ဒေသအာဏာပိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး ကင်းလှည့် စောင့်ကြည့်မှုများ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

 

မြန်မာနယ်စပ်မြို့များတွင် တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် တစိတ်တပိုင်းအဖြစ်ဟုဆိုကာ မြန်မာဘက်သို့ တင်ပို့ရောင်းချသည့် လျှပ်စစ် နှင့် စက်သုံးလောင်စာဆီများကို ထိုင်းအစိုးရက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့က စပြီး ယနေ့အချိန်အထိ ယာယီပိတ်ပင်ထားခြင်းဖြစ်သည်။

ထိုင်းဘက်က ယာယီပိတ်ပင်ထားမှုကြောင့် မြန်မာဘက် နယ်စပ်မြို့များတွင် စွမ်းအင်ဆိုင်ရာလုပ်ငန်းများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေလျှက်ရှိသည်။