ထိုင်းနိုင်ငံတွင် အများပြည်သူ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံခြားသားများ၏ အပြုအမူများကို ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စောင့်ကြည့် ကြပ်မတ်ရန် ရဲတပ်ဖွဲ့အကြီးအကဲ Kitrat Panphet က ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်း အများပြည်သူဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊ အများပြည်သူအား အနှောင့်အယှက်ဖြစ်စေခြင်း၊ ထိုင်းနိုင်ငံ၏ ပုံရိပ်နှင့် လုံခြုံရေးကို အပျက်သဘောဆောင်သည့် သို့မဟုတ် ဥပဒေချိုးဖေါက်သည့် အပြုအမူများပြုလုပ်ကြသည့် နိုင်ငံခြားသားများရှိနေသည်ဟု အဆိုပါ ညွှန်ကြားချက်တွင် ဖေါ်ပြထားသည်။
ယင်းညွှန်ကြားချက်အား ခရိုင်အသီးသီးမှ ရဲတပ်ဖွဲ့ဝင်များအပြင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့၊ ခရီးသွားရဲနှင့် နယ်ခြားစောင့်ရဲများအပါအဝင် နိုင်ငံတဝှမ်းရှိ ရဲတပ်ဖွဲ့ဝင်များအားလုံးသို့ ညွှန်ကြားထားကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အများပြည်သူလုံခြုံရေးနှင့် စည်းမျဥ်းစည်းကမ်းများကို ဦးစားပေးဆောင်ရွက်ကြရန်နှင့် ဖောက်ဖျက်ကျူးလွန်သူများကို သင့်လျော်သော ဥပဒေဖြင့် အရေးယူရန် ညွှန်ကြားထားကြောင်း သိရသည်။
ယင်းညွှန်ကြားချက်တွင် မယ်ဟောင်ဆောင်ခရိုင်အတွင်း လတ်တလောဖြစ်ပျက်နေသည့် နိုင်ငံခြားသားများနှင့် ပတ်သက်သည့် ကိစ္စများအား (၇)ရက်အတွင်း စုံစမ်းစစ်ဆေး တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။
မယ်ဟောင်ဆောင်ခရိုင်အတွင်း ခရီးသွားများဆွဲဆောင်ရာဒေသတစ်ခုဖြစ်သည့် ပိုင်ဒေသတွင် နိုင်ငံခြားသားအချို့၏ အရက်အမူးလွန်ခြင်းအပါအဝင် မဖွယ်မရာအပြုအမူများကြောင့် ဒေသခံများက နိုင်ငံခြားသားများ ဝင်ရောက်မှုကို မလိုလားမှုများရှိနေကြောင်း သိရသည်။
Source: The Nation