မကွေးတိုင်း ငဖဲမြို့နယ်အတွင်းရှိ လိုင်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးဖြင့် ဗုံး(၇)လုံး ကြဲချ၍ အရပ်သား (၃)ဦး သေဆုံးပြီး CDF ရဲဘော်တစ်ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။
ရခိုင်-မကွေးနယ်စပ်မှ နတ်ရေကန်စခန်း အနီးရှိ လိုင်ရွာကို ၂၀၂၅ခုနှစ် မတ်လ (၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီက စစ်တပ်လေထီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မနေ့က နတ်ရေကန်ပေါ်ကို စက်တပ်လေထီးတွေ ရောက်လာတယ်။ လိုင်ရွာကို ဗုံး (၇)လုံး ကြဲသွားတယ်။ အဲဒီမှာ ပန်းပဲရွာကိုသွားမယ့် ဦးရွှေသိန်းပါ နှစ်ဦး သေဆုံးတယ်ပေါ့နော်၊ ဗုံးစမှန်ပြီးတော့။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
သေဆုံးသူ(၃)ဦးမှာ ပဒါန်းရွာတွင် နေထိုင်သူများဖြစ်ကြပြီး ဦးရွှေသိန်းမှာ အသက်(၇၀)နှစ်ဝန်းကျင်အရွယ်ဖြစ်ကာ ကျန်အမျိုးသား (၂)ဦးမှာ လူငယ်များဖြစ်ကြသည်ဟုလည်း ဆိုသည်။
“နတ်ရေကန်မှာ စစ်ကောင်စီတပ်စခန်းတွေရှိတယ်လေ။ တိုက်ပွဲဖြစ်နေတာတွေလည်းရှိတယ်။ ဟိုတစ်နေ့က CDF အရှိုနဲ့ ဖြစ်သေးတယ်။ တိုက်ပွဲတွေကတော့ ကြိုကြားပေါ့နော် တခါတလေလည်း ရင်ဆိုင်တိုက်ပွဲတွေရှိတယ်။ ချုံခိုတိုက်ပွဲတွေလည်းရှိတယ်။ လက်တလောတော့ စက်တပ်လေထီးတွေ ကောင်းကင်မှာ မတွေ့သေးဘူး။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။
ထို့အပြင် ချင်းတိုင်းရင်းသားများ နေထိုင်သော ဂုတ်ကြီး၊ ပဇီ၊ လိုင်ကျေးရွာနှင့် နောင်ရွာတို့ကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းမည်ဖြစ်၍ ယမန်နေ့က ဖယ်ရှားခိုင်းနေသည်ဟုလည်း သိရသည်။
“ဒေသခံတွေကတော့ မနေရဲတော့ဘူးလေ။ နီးစပ်ရာနေရာတွေ လွတ်မြောက်ရာနေရာတွေကို ရှောင်နေကြတယ်။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။
စစ်ကောင်စီတပ်သည် နတ်ရေကန်ဗျူဟာကို လမ်းဟောင်းမှလာပါက ပဇီ၊ လိုင်၊ နောင်နှင့် မျှော်စင်ကျေးရွာများကို ဖြတ်ရမည်ဖြစ်ပြီး လမ်းသစ်မှလာပါက မြေလတ်၊ ဂုတ်ကြီးစသည့် ရိုးပေါ်ရှိရွာများမှ ဖြတ်သန်းရမည်ဖြစ်၍ ဗုံးကြဲချ၍ နယ်မြေရှင်းလင်းခြင်းဖြစ်သည်ဟု ဆိုသည်။
အမ်း-ပါဒန်းလမ်းပိုင်းပေါ်ရှိ နတ်ရေကန်ဗျူဟာကို AA နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်နေ၍ စစ်ကောင်စီတပ်ကလည်း လေကြောင်းဖြင့် ပြန်လည်ဗုံးကြဲနေခြင်းဖြစ်သည်။
#TachileikNewsAgency