တောင်ငူမြို့နယ်အတွင်း ကျေးရွာအများအပြားရေနစ်မြုပ်နေပြီး အရေးပေါ်ကူညီကယ်ဆယ်မှုများ လိုအပ်နေ

တောင်ငူမြို့နယ်အတွင်း ကျေးရွာအများအပြားရေနစ်မြုပ်နေပြီး အရေးပေါ်ကူညီကယ်ဆယ်မှုများ လိုအပ်နေ
စက်တင်ဘာ 13, 2024 | အခြားဒေသများ

တောင်ငူမြို့နယ်အတွင်း ကျေးရွာအများအပြား ရေနစ်မြုပ်နေပြီး ဒေသခံများ ပိတ်မိနေကာ အရေးပေါ် ကူညီကယ်ဆယ်မှုများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာကလူတွေပိတ်မိနေတယ် ၊ လှေအရေးပေါ်လိုနေတယ်။ ကူညီပါ။ တချို့အိမ်တွေမြုပ်နေပြီ။ ရေက တန်းနေတယ်၊ ဒီ့ထက် ရေတက်ရင်တော့ အသေအပျောက်များနိုင်တယ်။ လှေကူညီပေးပါ ။” ဟု တောင်ငူမြို့နယ် ကျေးအင်းထုံးဘိုရွာမှ ဒေသခံတဦးက Tachileik News Agency ကို ပြောသည်။

လက်ရှိအချိန်တွင် လူမှုကူညီရေးအသင်းများမှ တောင်ငူမြို့နယ်အတွင်း ရေနစ်မြုပ်နေသည့် ကျေးရွာများကို ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေသော်လည်း လုံလောက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ငူမြို့နယ်အတွင်း ကျေးရွာအုပ်စု (၃၇)စုရှိပြီး ကျေးရွာပေါင်း (၂၅၁)ရွာရှိကာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ လူဦးရေစုစုပေါင်း (၂၄၆,၃၆၀)ဦး ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တောင်ငူမြို့နယ် ဒေသဆိုင်ရာအချက်အလက်အရ သိရသည်။

လက်ရှိအချိန်တွင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ (၃)ပေခွဲခန့် ကျော်လွန်နေပြီးနောက် (၁) ရက်အတွင်း (၂) ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ခန့်မှန်းထားသည်။

#TachileikNewsAgency

Photo: Kyaw Thu Ya