ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း၌ စစ်ကောင်စီက ကျေးရွာများ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား (၁)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၁)လုံး ပျက်စီးကြောင်း KNU ဗဟိုထံမှ သိရသည်။

ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်အတွင်း ၂၀၂၄ခုနှစ် စက်တင်ဘာ (၃၀) ရက်နေ့ နံနက် (၁)နာရီတွင် စစ်ကောင်စီတပ် ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့်ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲရာ အိမ်ရှင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ခလရ (၂၆၄) တပ်ရင်းက စက်တင်ဘာလ (၂၈) ရက်နေ့ ည (၇) နာရီဝန်းကျင်တွင် ၁၂၀ မမ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ ဆောထိမြို့နယ်ရှိ ဂွေးကုန်းကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

၎င်းတပ်မှ ည (၈) နာရီ နှင့် (၁၀)နာရီတို့တွင်လည်း ၁၂၀ မမ လက်နက်ကြီး (၇) လုံး ထပ်မံပစ်ခတ်ခဲ့ရာ လက်နက်ကြီး (၂)လုံးမှာ အင်းပရိတ် ကျေးရွာ အနီးတွင် လည်းကောင်း ကျန် (၅) လုံးမှာ လိန်ပင်ဝိုင်းကျေးရွာ စာသင်ကျောင်းဘက်တွင် လည်းကောင်း အသီးသီး ကျရောက် ပေါက်ကွဲခဲ့သည့်အပြင် စက်တင်ဘာလ (၂၉)ရက်နေ့ နံနက် (၁၁)နာရီခွဲဝန်းကျင်တွင် ထပ်မံပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီး (၃)လုံးသည် ချိုအေးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်းတွင်လည်း ကညွတ်ကွင်းအခြေစိုက် စစ်ကောင်စီတပ် ခမရ (၄၃၉) တပ်ရင်းမှ စက်တင်ဘာလ (၂၇) ရက်နေ့ ညနေ (၅) နာရီတွင် လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ အင်ကွင်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်ရာ ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး အပါအဝင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU