မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ပဲချက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးသီး အလုံးပေါင်း (၁၆)လုံး ကြဲချပြီး တိုက်ခိုက်သွားသည့်အတွက် ဒေသခံပြည်သူများ၏နေအိမ် (၈)လုံး မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
တံတားဦးလေဆိပ်ကနေ ထွက်လာသည့် Y-12 လေယာဉ်သည် နွားထိုးကြီးမြို့နှင့် (၅)မိုင်အကွာရှိသည့် ပဲချက်ကျေးရွာအတွင်းသို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က အကြောင်းမဲ ဗုံးကြဲတိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏နေအိမ် (၈)လုံး အပါအဝင် ဆိုင်ကယ်နှင့် အိမ်တွင်း အဖိုးတန် ပစ္စည်းများ မီးလောင် ပြာကျကာ ပျက်စီးခဲ့ရသလို နွား(၁၄)ကောင် သေဆုံးပြီး (၄)ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နွားထိုးကြီး Journal ၏ ဖော်ပြချက်အရ ဇန်နဝါရီလ(၂၆)ရက်နေ့၏ တစ်နေ့တည်းတွင် မြင်းခြံမြို့နယ်အတွင်း နှင့် နွားထိုးကြီးမြို့နယ်အတွင်းသို့ကို စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ (၂၀)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ်သည် ၎င်းတို့ တစ်ခုတည်းသော အားထားစရာသာရှိတော့သည့် လေကြောင်း တိုက်ခိုက်သည့် နည်းလမ်းကို နေ့စဉ်အသုံးပြုနေပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေလျှက်ရှိသည်။
Photo: နွားထိုးကြီး-Journal