ပြည်ပရောက်နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ချိုးဖောက်နေသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအား အရေးယူသွားမည်ဖြစ်ကြောင်း NUG ကြေညာ

ပြည်ပရောက်နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ချိုးဖောက်နေသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအား အရေးယူသွားမည်ဖြစ်ကြောင်း NUG ကြေညာ
စက်တင်ဘာ 20, 2024 | 2021 Military Coup

ပြည်ပရောက်နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို နည်းမျိုးစုံဖြင့် ချိုးဖောက်ကျူးလွန်လျက်ရှိသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီသည် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ‌ချွေးနည်းစာမှ အဓမ္မခေါင်းပုံဖြတ်၍ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံလစာဝင်ငွေ၏ အနည်းဆုံး ၂၅ % ကို လစဉ် သို့မဟုတ် သုံးလလျှင် တစ်ကြိမ် ၎င်းတို့ သတ်မှတ်ထားသော ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပို့ကြရန် ထုတ်ပြန်ခဲ့ပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများက ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားစာများပေးပို့၍ ဖိအားပေးလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆိုသည်။

စစ်ကောင်စီ၏ အဆိုပါအမိန့်ကြော်ငြာစာတွင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ငွေလွှဲပို့ခဲ့သည့် အထောက်အထား စာရွက်စာတမ်းများကို သေချာစွာ သိမ်းဆည်းထားပြီး မိမိအား တာဝန်ယူစေလွှတ်ပေးခဲ့သည့် အေဂျင်စီများထံ မိတ္တူပေးပို့ရန်နှင့် အေဂျင်စီများက စစ်ကောင်စီ လက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနထံ လစဉ်စာရင်းကို မပျက်မကွက် ပေးပို့ရန် ဖော်ပြထားကြောင်း သိရသည်။

ထိုသို့ လိုက်နာရန် ပျက်ကွက်သည့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ကာလအကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသတ်သေခံကတ် (OWIC) ထုတ်ပေးမှု မပြုခြင်းနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မပြုခြင်း စသည်တို့အပြင် ပြင်းထန်သည့် အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း ခြိမ်းခြောက် အကြပ်ကိုင်ထားသည်ကို တွေ့ရှိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆိုသည်။ 

စစ်ကောင်စီ၏ လုပ်ရပ်များသည် တည်ဆဲဥပဒေဖြစ်သည့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပါ အေဂျင်စီများနှင့် အလုပ်သမားများ၏ တာဝန်များ၌ ပြဋ္ဌာန်းထားမှု မရှိသဖြင့် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ  ဥပဒေကို ကျော်လွန်ကာ မတရားဖိနှိပ်သည့် လုပ်ရပ်များ ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ထုတ်ပြန်ထားသည့် အေဂျင်စီများ လိုက်နာရမည့် ကျင့်ဝတ်(Code of Conduct)တွင် အလုပ်သမား၏ ပြည်ပလစာငွေလွှဲပို့ခြင်း (မိသားစုလွှဲပို့ငွေ)နှင့်စပ်လျဉ်း၍ အေဂျင်စီများက ကြီးကြပ်ရန် တာဝန်ရှိကြောင်း ဖော်ပြပါရှိမှု မရှိခြင်း၊ အေဂျင်စီနှင့် အလုပ်သမားတို့ ချုပ်ဆိုရသည့် စာချုပ်တွင် အလုပ်သမား၏ ဆန္ဒမပါဘဲ မိသားစုလွှဲပို့ငွေ မဖြစ်မနေ လွှဲပို့ရမည်ဟု ဖိအားပေး ထည့်သွင်းချုပ်ဆိုစေခြင်းတို့သည် မတရားသည့် အမိန့်၊ ညွှန်ကြားချက်များသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားသည်။

ပြည်ပမှ ရရှိသည့် လစာဝင်ငွေ လွှဲပို့သည့် အထောက်အထားများ မပြသနိုင်ပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မပြုခြင်းအပြင် ပြင်းထန်သည့် အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း အမိန့် ကြော်ငြာစာတွင် ဖော်ပြ၍ အရေးယူမှုများ ပြုလုပ်နေခြင်းသည် တည်ဆဲဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ် များနှင့် ကိုက်ညီမှုမရှိဘဲ နိုင်ငံသားတိုင်း နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခွင့်ရှိသည့် အခြေခံနိုင်ငံသား အခွင့်အရေးကို စစ်ကောင်စီက ချိုးဖောက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆိုသည်။

မိသားစုလွှဲပို့ငွေ အထောက်အထား မပြသနိုင်သည့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပြင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နေသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် စစ်အုပ်စု၏ အကြမ်းဖက်ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် မြန်မာနိုင်ငံသားများကိုလည်း စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးများက နိုင်ငံကူးလက်မှတ်သက်တိုးခွင့်မရရှိစေရန် ဖိနှိပ်ထားခြင်းဖြင့် အခြေခံအခွင့်အရေးများ ချိုးဖောက်ကျူးလွန်လျက်ရှိကြောင်း ဆိုသည်။

ထို့အပြင် အထောက်အထားပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီ ၁၃၅ ခု ကိုလည်း စစ်ကောင်စီက စေလွှတ်ရေး လုပ်ငန်းစဉ်များ ပိတ်ပင်အရေးယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆိုသည်။

သို့ဖြစ်၍ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ပြည်တွင်း၌သာမက ပြည်ပရောက် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို နည်းမျိုးစုံဖြင့် ချိုးဖောက်ကျူးလွန်လျက်ရှိသည့် စစ်ကောင်စီ၏ လုပ်ရပ်များတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဥပဒေမဲ့ မတရားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရမှ အသိပေးထားသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ်  ဖိအားပေးအကြပ်ကိုင်၍သော်လည်းကောင်း၊ သွေးဆောင်ဖြားယောင်း စည်းရုံး၍သော်လည်းကောင်း မိသားစုလွှဲပို့ငွေ လွှဲပို့စေခိုင်းသည့် အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအကျိုးဆောင်များအား ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆိုသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း စစ်ကောင်စီ၏ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် နိုင်ငံသားများအပေါ် အခြေခံလူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများကို နည်းမျိုးစုံဖြင့် ချိုးဖောက်နေမှု၊ ဖိနှိပ်နေမှုများအပေါ် တားမြစ်ပေးပါရန်နှင့် ကျူးလွန်နေသည့် စစ်ကောင်စီအား အမြန်ဆုံး ထိရောက်စွာအရေးယူဆောင်ရွက်ပေးပါရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

#TachileikNewsAgency