ကလေးမြို့နယ် တောင်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကလေး PDF က မိုင်း (၂၈)လုံးဖြင့် ဖေါက်ခွဲတိုက်ခိုက်

Photo: People's Defence Force - Kalay
Photo: People's Defence Force - Kalay
ကလေးမြို့နယ် တောင်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကလေး PDF က မိုင်း (၂၈)လုံးဖြင့် ဖေါက်ခွဲတိုက်ခိုက်
ဖေဖော်ဝါရီ 2, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တောင်ပိုင်းသို့ ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက်ပိုင်းတွင် ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်း(၂၈)လုံးဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၃၀)ခန့် ထိမှန်ကြောင်း ကလေး PDF က ထုတ်ပြန်သည်။

အဆိုပါ ယာဉ်(၇)စီးပါ အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းသည် စည်သာရွာနှင့် နတ်မြောင်းရွာကြားတွင် ရပ်တန့်ပြီး စစ်ကောင်စီတပ်သားများက နတ်မြောင်းမှဆင်းကာ လမ်းဘေးဝဲ၊ ယာတလျောက် လမ်းလျှောက်ဖြန့်တက်လာချိန် ကလေး PDF က အဆင်သင့် တပ်ဆင်ထားသော မိုင်း(၂၈)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြပြီးနောက် မိုင်းထိမှန်သူများကို ကားပေါ်ပြန်တင်ကာ ကလေးမြို့တောင်ပိုင်းသို ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ထို့အပြင် ကလေးမြို့မှ စစ်ကား(၅)စီး တောင်ပိုင်းသို့ ထပ်မံထွက်ခွာလာပြီး ကလေးမြို့နည်းပညာတက္ကသိုလ်သို့ ဝင်ရောက်သွားပြီးနောက် နည်းပညာတက္ကသိုလ်ဘက်မှ သာယာကုန်းဘက်သို့ စစ်ကြောင်းဖြန့်တက်လာရာ နေ့လယ်ပိုင်းတွင် သာယာကုန်းမြောက်ဘက်၌ ကလေး PDF နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF နှစ်ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုကို မသိရသေးဟု ထုတ်ပြန်သည်။