မတ္တရာမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဓာတုဗုံးကြဲ

မတ္တရာမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဓာတုဗုံးကြဲ

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းက စတင်ကာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးကာ ဓာတုဗုံးကြဲချကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် (၄)နာရီမှစတင်ကာ အမှတ်(၁)စစ်ဒေသ၊  NUG တပ်ပေါင်းစု၊ ပသုံးလုံးအပါအဝင် ပြည်သူကာကွယ်ရေးတပ်ဖွဲများနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဆိုသည်။ 

“မန္တလေး နန်းတွင်းထဲက လက်ရုံးတပ် စစ်သည်(၁၀၀)ခန့် စစ်ကူလိုက်ရန် ပြင်ဆင်နေကြောင်း ဖရဲသီးမှ သတင်းပေးပို့ထားပါသည်။ မတ္ထရာဘက်ရှိ ကျေးရွာများကို စကစမှ နံနက်(၁၁)နာရီ(၃၃)မိနစ်တွင် Jet figher (၂)စီးဖြင့် လေကြောင်းပစ်ခတ်တိုက်ခိုက်နေသည်။”ဟု Voice Of Mandalay က ဖော်ပြသည်။

စစ်ကောင်စီတပ်သည် စိန်ပန်းကုန်း၊ သဲကျွန်းရွာတစ်ဝိုက်ကို တိုက်လေ(၂)စီးဖြင့် ပေါင် (၅၀၀)ဗုံး (၄)လုံး၊ ပေါင်(၂၀၀)ဗုံး (၇)လုံးဖြင့် လေကြောင်းတိုက်ခိုက်သွားပြီး အသေးစိတ် အခြေအနေကို မသိရသေးဟု Voice Of Mandalay က ဖော်ပြသည်။

နံနက်(၉)နာရီကျော်တွင် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်ဖြင့် (၄)ကြိမ်ထက် မနည်းပစ်ကူပေးနေပြီး မတ္ထရာဘောလုံးကွင်းအတွင်းမှလည်း ဟောင်ဝှစ်ဇာအပါအဝင် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။ 

“မတ္တရာမြို့နယ် အနောက်ဘက်မြစ်ရိုးဘက်ရှိ ကျေးရွာများကို အကြမ်းဖက်စကစမှ အဆိပ်ဓာတုဗုံးများဖြင့် နံနက်(၁၁)နာရီခွဲက ကြဲချတိုက်ခဲ့ပြီး မိဘပြည်သူများအများအပြား မူးမေ့သတိလစ်ပြီး ထိခိုက်မှုများကြောင်း သတင်းရရှိပါသည်။ ထိုအပြင် စကစ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် လက်နက်ကြီး (၃)လုံးဖြင့် တစ်နာရီအချိန်တွင် ပြည်သူများ ရှိရာကျေးရွာများသို့ ထပ်မံပစ်ခတ်တိုက်ခတ်ခဲ့ကြောင်းသိရှိရသည်။”ဟုလည်း Voice Of Mandalay က ဖော်ပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇)ရက်နေ့ကလည်း မတ္တရာမြို့နယ် ဆောက်ခြုံပေါက်ရွာတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိသည်ဟု အမှတ် ၁ စစ်ဒေသက ဖော်ပြသည်။ 

ခမရ(၇၀၁)မှ ဗိုလ်မှူးကျော်ဇေယျဦးစီးသည့် ခမရ(၇၀၁၊ ၇၀၃၊ ၇၀၄)တို့မှ အင်အား(၇၀)ကျော်ပါ စစ်ကြောင်းအား ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုနှင့် အမှတ်(၅၁၀)တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မတ္တရာ မြို့နယ် ပကဖ ပူးပေါင်းအဖွဲတို့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် အောင်မြေသာစံမြိုနယ်ရှိ စအရ-၉၁၀ (အမှတ်-၉၁၀ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း)တွင် အင်အားစုဖွဲ့ပြီးနောက် သဖန်းဒေါင့်ရွာမှတစ်ဆင့် ဝင်ရောက်လာရာက တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးသည်ဟု သိရသည်။

၎င်းတိုထံမှ MA-15(ငါးကြင်းမြှီး)နှင့် MA-10 (RPG) အပါ လက်နက်(၉)လက်၊ RPG ဒုံးသီး(၈)လုံး၊ ၆၀ မမ ဗုံးသီး(၅)လုံး၊ အီနာဂါ ဗုံးသီး(၅)လုံး၊ ၅.၅၆ ကျည်(၃၅၁)တောင့်၊ G-3 ကျည်(၂၄၈)တောင့်၊ MA ကျည်အိမ်(၇)ခု၊ ကျည်အိမ်အဝိုင်းတစ်ခု၊ MA-15 ကျည် ခါးပတ်တစ်ခု၊ Equipment တစ်ခု၊ ယူနီဖောင်း(၂)စုံတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

ထို့နောက် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Mi-35ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မိတ္ထီလာမှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် (၅)ကြိမ် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု ဖော်ပြထားသည်။ 

#TachileikNewsAgency