ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မိုင်းယုလေးလမ်းခွဲအကြား ပြည်ထောင်စုလမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးကို ကိုးကန့် MNDAA တပ်ဖွဲ့ဝင်မောင်းနှင့်လာသည့်ကားက ဝင်တိုက်လိုက်ကြောင်း TNLA က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် ထုတ်ပြန်သည်။
ကွတ်ခိုင်မြို့နှင့် မိုင်းယုလေးကို ဆက်သွယ်ထားသည့် နမ့်ခိုင်းတံတားအနီးတွင် ဒီဇင်ဘာလ (၁၄)ရက်နေ့က MNDAA တပ်ဖွဲ့ဝင်မောင်းနှင်လာသည့်ကားက အသက်(၅၀)အရွယ်အမျိုးသမီးတစ်ဦးကို ဝင်တိုက်ရာ ကားလည်းတိမ်းမှောက်ပြီး ကားပေါ်ပါ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရသည်ဟု ဆိုသည်။
“နမ့်ဖတ်ကာမှ အရှိန်ဖြင့်မောင်းနှင်းလာသည့် ကိုးကန့် (MNDAA)တပ်ဖွဲဝင် မောင်းနှင်လာသည့် မော်တော်ကား တစ်စီးသည် ပြည်ထောင်စုလမ်းမကြီးအနီး အင်တာနက်လိုင်းသုံးနေသည့် အမျိုးသမီး(၁)ဦးအား ဝင်တိုက်မိပြီး ဒဏ်ရာရရှိခဲ့သည်။”ဟု TNLA ဘက်က ဖော်ပြသည်။
ကားတိုက်ခံရသည့် အမျိုးသမီးမှာ မိုင်းယုလေးအုပ်စု ပန်လော့ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ၎င်းကို ကိုးကန့်တပ်ဖွဲ့က တာဝန်ယူဆေးကုသပေးသည်ဟု သိရသည်။
ကားကိုမောင်းနှင်သည့် MNDAA တပ်ဖွဲ့ဝင်ကို မည်သို့အရေးယူထားသည်ကိုမူ ထုတ်ပြန်ခြင်းမရှိပါ။
“အဲဒါကတော့ သူတို့အထဲကပဲ အရေးယူမှုလုပ်မယ်ထင်တယ်။ ကားတိုက်ခံရသူက ဒဏ်ရာမစိုးရိမ်ရပါဘူး။”ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာဒေသသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ တပ်မဟာ(၅) နယ်မြေအတွင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Photo:PSLF/TNLA News