တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဆယ်ရက်ကြာ တိုက်ပွဲဖြစ်ပွား

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဆယ်ရက်ကြာ တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် (၁၀)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း(၂) ထံမှ သိရသည်။

ကျွန်းစုမြို့နယ်ဘက်မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့က စတင်ပြီး အင်အား (၂၀၀)ခန့်ဖြင့် တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း (၂)တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ (၂၈)ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

(၁၀)ရက်တာအတွင်း အပြင်းအထန် ထိတွေ့တိုက်ပွဲ (၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း(၂)က ဆိုသည်။

ယမန်နေ့ ဇူလိုင်လ (၂၈) ရက်နေ့တွင် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာအနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လယ်သစ်ကျေးရွာအတွင်း၌ ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ဒေသနေပြည်သူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများအပြင် ရေကြီးမှုကပ်ဘေးတို့ကြောင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency