ရခိုင်ပြည်နယ် အမ်းမြို့တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီစစ်ကြောင်း (၂)ခုအား ပိတ်ဆို့တိုက်ခိုက်ရာ စစ်သား (၁၇)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ချင်းကာကွယ်ရေးတပ်-အရှို (CDF – Asho) က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား အာရက္ခတပ်တော် (AA)မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကြောင်းအသီးသီးမှ စစ်ကြောင်းပျက်ကာ ထွက်ပြေးနေသည့် အင်အား (၉၀)ကျော်ခန့်ပါရှိသည့် စစ်ကောင်စီ စစ်ကြောင်း (၂)ခုအား အမ်း-ပဒါန်း လမ်းမအနီး ပျဉ်းဝ စစ်ဆေးရေးဂိတ် အနောက်ဘက်မီတာ (၁၅၀၀) ကျော်ခန့်တွင် CDF–Asho က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လတ်လောတော့ အလင်းဝင်လာသူတွေရဲ့ ဖြေကြားမှုအရရော စစ်ဆင်ရေး အခြေအနေအရရော နယ်မြေရှင်းလင်းရေးလည်း လုပ်ဆောင်နေဆဲမို့ ၊ ထုတ်ပြန်ချက်ထဲကပါတာလောက်ပဲ ပြည်သူကို အသိပေးလို့ ရပါသေးတယ်ဗျ” ဟု ချင်းကာကွယ်ရေးတပ်-အရှို (CDF – Asho) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုဆလိုင်းရိုးချင်းက Tachileik News Agency ကို ပြောသည်။
CDF–Asho၏ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတချို့မှာ အသာတကြည် လက်နက်ချ အလင်းဝင်ခဲ့ပြီး ၊ တချို့မှာ ခြေဦးတည့်ရာ ထွက်ပြေးသွားကြသည့်အတွက် လိုက်လံရှာဖွေဖမ်းဆီးရာ ဒီဇင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ (၂၇)ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ (၃)ရက်တာအတွင်း အလင်းဝင်ရောက်လာသူများနှင့် ဖမ်းဆီးရမိသူများထံမှ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း CDF – Asho က ထုတ်ပြန်သည်။
လက်ရှိအချိန်တွင် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရှာဖွေလျှက်ရှိပြီး နောက်ဆက်တွဲအခြေအနေများအား ထပ်မံ၍ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း CDF – Asho က အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo:Chin Defence Force - Asho