ဓမ္မသကျေးရွာမှ မီးဘေးသင့်ဒေသခံများ ကူညီရေးအတွက် တိုင်းမှူးထံ မွန်နိုင်ငံရေးအသိုင်းအဝိုင်းက အကူအညီတောင်းသော်လည်း ခွင့်ပြုချက်မရ 

ဓမ္မသကျေးရွာမှ မီးဘေးသင့်ဒေသခံများ ကူညီရေးအတွက် တိုင်းမှူးထံ မွန်နိုင်ငံရေးအသိုင်းအဝိုင်းက အကူအညီတောင်းသော်လည်း ခွင့်ပြုချက်မရ 

စစ်ကောင်စီတပ်၏ စစ်သင်္ဘောမှ လက်နက်ကြီးနှင့်ပစ်ခတ်၍ မီးလောင်သွားသည့် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ဓမ္မသကျေးရွာမှ မီးဘေးသင့်ဒေသခံများကို ကူညီထောက်ပံ့ရေးအတွက် မွန်နိုင်ငံရေးအသိုင်းအဝိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ သွားရောက်တောင်းဆိုရာ ခွင့်မပြုကြောင်း ဒေသခံများထံမှ သိရသည်။

ဓမ္မသကျေးရွာကို တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ ဂျိုင်းမြစ်ရှိ စစ်သင်္ဘောက ၂၀၂၄ ခုနှစ် မတ်လ (၂၇)ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီးနှင့်ပစ်ခတ်ရာ နေအိမ်အလုံး (၃၀၀)ဝန်းကျင် မီးလောင်ပျက်စီးသွားပြီး ဒေသခံများမှာ နီးစပ်ရာတောများအတွင်းသို့ တိမ်းရှောင်နေကြရခြင်းကြောင့် မွန်နိုင်ငံရေးအသိုင်းအဝိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ သွားရောက်တောင်းခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မွန်နိုင်ငံရေးအသိုင်းအဝိုင်းပေါ့ ဦးအောင်နိုင်ဦးတို့ပါတယ်။ တိုင်းမှူးကိုသွားပြီး မီးဘေးသင့်ပြည်သူတွေကို ကူညီခွင့်တောင်းတာ ဟိုကခွင့်မပြုလိုက်ဘူး။ မီးဘေးသင့်ပြည်သူ (၁၅၀၀)ဝန်းကျင်လောက် ဘုန်းတော်ကြီးကျောင်းနဲ့အနီးက တောတောင်တွေထဲမှာ တိမ်းရှောင်နေတာ။ သူတို့အတွက် နေထိုင်စားသောက်ဖို့ အကူအညီတွေ လိုအပ်နေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မတ်လ (၂၄)ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များက ကော့ကရိတ်မြိုနယ်၊ ကော့ဘိန်းကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးသည့်နေ့မှစ၍ စစ်ကောင်စီတပ်သည် ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက်၊ ကော့ဝမ်း၊ ကော့ဒွန်းကော့ပနော၊ အံဂစင်နှင့် အနီးအနားကျေးရွာတဝိုက်ကို နေ့စဉ်ရက်ဆက် လေကြောင်းမှ ပစ်ခတ်ဗုံးကြဲခြင်း၊ စစ်သၚ်္ဘောမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကြောင့် ဘာသာရေးအဆောက်အအုံနှင့် နေအိမ်များ မီးလောင်ပျက်စီးပြီး ဒေသခံတချို့လည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ဒီနေ့လည်း ဓမ္မသကျေးရွာနဲ့အနီးအနားက ရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့လာပစ်တယ်။ တော်လှန်ရေးတပ်တွေရှိတယ်အထင်နဲ့ လာပစ်တာ။ အခုထိပစ်နေတုန်းပဲ။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ဘာသာရေးအဆောက်အအုံ၊ နေအိမ်များနှင့် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် အကြမ်းဖက်စစ်တပ်၏ လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုများ ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် သံဃာတော်များ၊ ပြည်သူများနှင့် ပရဟိတအဖွဲအစည်းများကို ကျေးဇူးတင်ကြောင်းနှင့် မွန်ပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံတကာအဖွဲအစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှလည်း စစ်ဘေးဒဏ်ပြည်သူများအတွက် ဝိုင်းဝန်းကူညီပေးကြရန်  တိုက်တွန်းထားသည်။ 

ဂျိုင်းမြစ်ကမ်းနဖူးတွင်ရှိသည့် ဓမ္မသကျေးရွာသည် အိမ်ခြေပေါင်းတစ်ထောင်နီးပါးရှိပြီး လူဦးရေငါးထောင်ကျော်ရှိကာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသတွင်ရှိသည့် မွန်တိုင်းရင်းသားအများစုနေထိုင်သော ရွာကြီးတစ်ရွာဖြစ်သည်။ 

လက်ရှိတွင် တော်လှန်ရေးတပ်များက ကော့ဘိန်းနယ်မြေရဲစခန်းကို သိမ်းပိုက်ထားရာ စစ်ကောင်စီတပ်သည် အင်အားအများအပြားဖြင့် အင်အားဖြည့်တင်း၍ စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး ကော့ဘိန်းကျေးရွာအနောက်ဘက် (၁၀)မိုင်ကျော်အကွာ ခရုံဂူလမ်းဝဘက်မှ တရနာကျေးရွာနှင့် ကော့သပ်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အပြင် အရှေ့မြောက်ဘက် (၄)မိုင်အကွာမှလည်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာနေကြောင်း သိရသည်။ 

အဆိုပါစစ်ကောင်စီတပ်များကြောင့် ကော့ဘိန်း၊ တရနာ၊ ကော့သပ်၊ ကော့ပေါက်၊ ဓမ္မသ၊ ဘုရားကြီး၊ ကော့ပလိုင်းစသည့် ကျေးရွာများမှ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

#TachileikNewsAgency

Photo: Ramon Nyan