ရေစကြိုမြို့နယ်အတွင်း ရေလယ်ကျွန်းဒေသတွင် အာဏာသိမ်းစစ်တပ်က အင်အားအများအပြားဖြင့် ပိုက်စိပ်တိုက် ဝင်မွှေ အကြမ်းဖက်နေ၍ သက်ကြီးရွယ်အို နှင့် ကလေးငယ်များ  ထွက်ပြေး တိမ်းရှောင်နေရ

ရေစကြိုမြို့နယ်အတွင်း ရေလယ်ကျွန်းဒေသတွင် အာဏာသိမ်းစစ်တပ်က အင်အားအများအပြားဖြင့် ပိုက်စိပ်တိုက် ဝင်မွှေ အကြမ်းဖက်နေ၍ သက်ကြီးရွယ်အို နှင့် ကလေးငယ်များ  ထွက်ပြေး တိမ်းရှောင်နေရ
နိုဝင်ဘာ 17, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသတွင် အာဏာသိမ်းစစ်တပ်က အင်အားအများအပြားဖြင့် သွားလာနေပြီး ကျေးရွာများတွင် ပိုက်စိပ်တိုက် မွှေနောက်ရှာဖွေ အကြမ်းဖက်မှုများ လုပ်ဆောင်နေ၍ ကျေးရွာများနေ သက်ကြီးရွယ်အို နှင့် ကလေးသူငယ်များ တိမ်းရှောင်နေရကြောင်း သိရသည်။ 

အာဏာသိမ်းစစ်တပ်က အင်အား (၈၀)ကျော်ဖြင့် ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသအတွင်း လှေခုတ် ၊နွယ်နီ ၊ နေရင်း၊ကျွန်းညိုရွာများသို့ သွားလာနေပြီး PDF သံသယဖြင့် နေအိမ်များကို ရှာဖွေဖျက်ဆီးမှုများ လုပ်ဆောင်နေကာ ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့တွင် လှေခုတ်ကျေးရွာနေ အမျိုးသား(၂)ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အာဏာသိမ်းစစ်တပ်အဖွဲ့က ညောင်ပင်ရွာရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း သေနတ်များ ပစ်ဖောက်ပြီး ရွာခံတစ်ဦးကို ဓါးစားခံပြုလုပ်ကာ နေအိမ်များအတွင်း ဝင်ရောက်ပြီး မွှေနောက်ရှာဖွေ ဖျက်ဆီးမှုများ လုပ်ဆောင်ကြောင်း နှင့် ညောင်ပင်ရွာမှ အမျိုးသားတစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီး  ဝါးဘိုးရွာသို့လည်း သွားရောက်ကာ အကြမ်းဖက်မှုများ ထပ်မံ လုပ်ဆောင်သည်ဟု သိရသည်။

ရေလယ်ကျွန်းကို ထိုးစစ်ဆင်နေတာနဲ့တူတယ်။ ရေလယ်ကျွန်းဘက်မှာ (၁၅၀)။ ဟိုဖက် ပတ္တာဘက်မှာလည်း အထိုင်ချထားသေးတယ်။ အနောက်ဘက်မှာလည်း အထိုင်ချထားသေးတယ်။ သူတို့ နှစ်ဖက်ညှပ်ပြီးတော့ ထိုးစစ်ဆင်နေတာနဲ့တူတယ်

ဟု ဒေသခံ အမျိုးသားတစ်ဦးက ယနေ့ နိုဝင်ဘာလ(၁၇)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

 ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများအတွင်း အာဏာသိမ်းစစ်တပ်မှ စုစုပေါင်း အင်အား(၁၅၀)ဝန်းကျင်ဖြင့် အကြမ်းဖက်မှုများ ပြုလုပ်နေသည့်အတွက် ကျေးရွာများနေ သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များမှာ ထွက်ပြေးတိမ်းရှောင်နေရသလို ပုန်းခိုစရာနေရာကောင်းကောင်းမရှိ၍ ကွင်းပြင်တစ်နေရာတွင်သာ ရှောင်နေရပြီး ယနေ့ နေ့လည်(၁၂)နာရီကျော်အထိ အစားအသောက်များ မစားရဘဲ လွတ်ကင်းရာတွင်သာ ရှောင်နေရကြောင်း  သိရသည်။