မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွင် လုပ်ကိုင်နေသည့် အင်ဒိုနှင့် မလေး (၁၅)ဦးတို့ ထိုင်းဘက်ခိုးဝင်ကာ ဘန်ကောက်အသွားလမ်းတွင် ဖမ်းဆီးခံရကြောင်း သိရသည်။
တာ့ခ်ခရိုင်မှ ဘန်ကောက်သွားမည့် ဘတ်စ်ကားတစ်စီး ၂၀၂၅ ခုနှစ် မတ်လ (၂၄)ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်က စစ်ဆေးဂိတ်ကို ရောက်ရှိစဉ် ခရီးသည်များအား စစ်ဆေးရာမှ အဆိုပါ ကျားဖြန့်တွင် အလုပ်လုပ်သူအဖွဲ့ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား (၁၄)ဦးနှင့် မလေးရှားနိုင်ငံသား (၁)ဦးသည် ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်သက်တမ်းကျော်လွန်နေကြပြီး မြဝတီဘက်ရှိ ကျားဖြန့်တွင် အလုပ်လုပ်နေကြသူများဖြစ်သည်ဟု သိရသည်။
မြဝတီဘက်ရှိ ကျားဖြန့်တွင် လုပ်ကိုင်နေသူများအား စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ထိန်းသိမ်းထားကာ ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းခြင်းကို လုပ်နေသော်လည်း အဆိုပါအဖွဲ့က စစ်ဆေးခံရမှုကို ရှောင်ရှားနိုင်ရန် ထိုင်းဘက်ခိုးဝင်လာကြခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါအဖွဲ့သည် မြဝတီဘက်မှ နယ်စပ်ကို တရားမဝင်လမ်းကြောင်းမှ ကူးလာကြပြီး တက္ကစီငှားကာ ဘတ်စ်ကားဂိတ်သို့ ထွက်လာကြခြင်းဖြစ်သည်ဟု သိရသည်။
ယင်းမှတစ်ဆင့် ဘတ်စ်ကားဖြင့် ဘန်ကောက်သို့ ထွက်လာကြစဉ် ဖမ်းခံကြရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းဘက်က လျှပ်စစ်မီး၊ လောင်စာဆီ၊ ဆက်သွယ်ရေးလိုင်းဖြတ်တောက် ဖိအားပေးမှုကြောင့် မြဝတီဘက်ရှိ ကျားဖြန့်လုပ်ငန်းများ ရပ်ဆိုင်းသွားကြပြီးနောက် လုပ်ခလစာများလည်း မရတော့ကြောင်း သိရသည်။
#TachileikNewsAgency