MoU စနစ်ဖြင့် ဂျပန်နိုင်ငံသို့ အလုပ်သမားပို့သည့် အေဂျင်စီများ တစ်လလျှင် (၁၅)ဦးသာ ပို့ခွင့်ရမည်

MoU စနစ်ဖြင့် ဂျပန်နိုင်ငံသို့ အလုပ်သမားပို့သည့် အေဂျင်စီများ တစ်လလျှင် (၁၅)ဦးသာ ပို့ခွင့်ရမည်

စစ်ကောင်စီက MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်မှုများကို ဦးရေကန့်သတ်လာရာ ဂျပန်သို့ MOU စနစ်ဖြင့်ပို့မည့် အေဂျင်စီတစ်ခုလျှင် တစ်လ (၁၅)ဦးသာ ပို့ရန် ၂၀၂၅ ခုနှစ် မတ်လ (၂၅)ရက်နေ့မှစ၍ ကန့်သတ်လိုက်သည်။

ဂျပန်သို့ MOU လုပ်သားပို့မည့် အေဂျင်စီများအနေဖြင့် ယခင်က တင်ပြထားပြီးဖြစ်သည့် အလုပ်ခေါ်စာ (Demand Letter)များကို တစ်လလျှင် (၁၅)ဦးနှုန်းဖြင့်သာ ပြန်လည်ပြောင်းလဲတင်ပြရမည်ဖြစ်ပြီး ၎င်းတို့စေလွှတ်ထားသည့် အလုပ်သမားများ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိ၊ ပြန်လည်ထွက်ခွာတို့ကိုလည်း အချိန်နှင့်တပြေးညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံ တင်ပြရမည်ဟု ကန့်သတ်ထားသည်။

အလားတူ ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်မှုကိုလည်း အေဂျင်စီတစ်ခုလျှင် တစ်လ (၅၀)ဦးသာ ပို့ရန်ကန့်သတ်ချက်ကို မတ်လ (၂၂)ရက်နေ့က ထုတ်ပြန်ထားပြီး ကိုရီးယား၊ စင်္ကာပူ၊ မလေးရှားနှင့် အခြားနိုင်ငံများသို့ စေလွှတ်မည့် MOU လုပ်သားအရေအတွက်များကိုလည်း ကန့်သတ်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင် (လိုင်စင်ရ)အေဂျင်စီများအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် (MoU)ချုပ်ဆိုလိုသည့် ရက်မတိုင်မီ နေပြည်တော်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့  အလုပ်ခေါ်စာ တင်ပြကြရမည်ဖြစ်ပြီး 

အလုပ်ခေါ်စာသစ်များတင်ပြခြင်းကို မေလ (၂)ရက်မှစတင် လက်ခံပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ပသို့ MOU စနစ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်သူများ ကိုင်ဆောင်ရသည့် PJ(Passport For Job)ဖြင့် ပြည်ပထွက်ခွာမည့်သူများ မတ်လ (၁၇)ရက်နေ့မှစ၍ အလုပ်သမားဝန်ကြီးဌာနထံ လေဆိပ်မှ ထွက်ခွာခွင့် ထပ်မံလျှောက်ထားကြရပြီး ခွင့်ပြုချက်ရမှသာလျှင် ပြည်ပထွက်ခွာခွင့်ရမည့် ကန့်သတ်ချက်လည်း ထပ်တိုးထားသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းကာ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းများ ပြုလုပ်နေရာမှ စစ်မှုထမ်းစုဆောင်းမည့်အသက်အရွယ်ရှိ အမျိုးသားများကို ပြည်ပထွက်ခွာခွင့် နည်းမျိုးစုံဖြင့် ကန့်သတ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

#TachileikNewsAgency