လှိုင် ဝါဝါဝင်းအိမ်ရာဘေးရှိ ဘာတာဈေး မီးအကြီးအကျယ်လောင်ကျွမ်းမှုအတွင်း လူထိခိုက်မှုရှိ

လှိုင် ဝါဝါဝင်းအိမ်ရာဘေးရှိ ဘာတာဈေး မီးအကြီးအကျယ်လောင်ကျွမ်းမှုအတွင်း လူထိခိုက်မှုရှိ
By Tachileik News Agency

ရန်ကုန်တိုင်း၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် (၁၂)ရပ်ကွက်ရှိ  ဘာတာဈေး (ခေါ်) လှိုင်ရတနာဈေးတွင် ယနေ့ နံနက်အစောပိုင်းက မီးလောင်မှုအတွင်း လူထိခိုက်မှုရှိကြောင်း သိရသည်။

ဈေးအနောက်ဖက်ပိုင်းနဲ့ ဈေးအလယ်ပိုင်း ပါသွားတယ်။ လူတစ်ယောက်တော့ အင်းစိန်ဆေးရုံပို့လိုက်တယ်။ သေသွားပြီလို့တော့ ပြောကြတယ်။

ဟု မီးလောင်မှုဖြစ်ပွားရာအနီးရောက်နေသူတစ်ဦးက ပြောသည်။

ဝါဝါဝင်းအိမ်ရာစီမံကိန်းဘေးရှိ အဆိုပါဈေးတွင် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့အကူး နံနက် (၀၀: ၁၁)တွင် မီးစတင်လောင်ကျွမ်းပြီး မိနစ်ပိုင်းမှာပင် မီးသတ်ကားအများအပြား ရောက်လာခဲ့ခြင်းဖြစ်ကြောင်း အနီးဝန်းကျင် နေထိုင်သူများထံမှ သိရသည်

“မီးလောင်တာတွေ့လို့ မီးသတ်သတင်းပေးမယ်ကြည့်လိုက်တော့ မီးသတ်တွေ ရောက်နေကြပြီ။ “

ဟု အနီးဝန်းကျင်နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်ဌာနချုပ်အပါအဝင် မြို့နယ်အသီးသီးမှ မီးသတ်ဌာနများမှ Level 2 အဆင့် မီးသတ်ယာဉ်အုပ်စုများဖြင့် ငြှိမ်းသတ်ခဲ့ပြီး နာရီဝက်ကျော်တွင် မီးထိန်းနိုင်ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့များအပြင် လူမှုကူညီရေးအသင်းများလည်း ရောက်ရှိကာ လိုအပ်သည့်ကူညီမှုများ လုပ်ပေးနေကြသည်ကို တွေ့ရသည်။

ဈေးဆိုင်ခန်းပိုင်ရှင်များလည်း ရောက်လာကြသဖြင့် မီးငြှိမ်းသတ်နေသည့်နေရာသို့ မဝင်ရောက်ကြရေး ဘေးအန္တရာယ်ကင်းရေး သတိပေးဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရသည်။

လူတစ်ဦးအား အင်းစိန်ဆေးရုံသို့ ပို့လိုက်ရသည်ဟုဆိုသည်မှလွဲ၍  လူထိခိုက်သေဆုံးမှု အခြေအနေ၊ မီးလောင်ဆုံးရှုံးမှုနှင့် မီးလောင်သည့်အကြောင်းရင်းတို့ကို လက်ရှိတွင် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပင်မဈေးရုံ (၁၅)ရုံနှင့် ဧရိယာ တစ်ဧကခွဲကျော် ကျယ်ဝန်းသည့် ဘာတာဈေး ခေါ်  လှိုင်ရတနာဈေးမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ (ခ)အဆင့် သတ်မှတ်ထားသည့် ဈေးကြီးတစ်ခုဖြစ်ပြီး အဆိုပါဌာနစာရင်းအရ ဆိုင်ခန်းပေါင်း (၄၅၀)နီးပါး ရှိသည်ကို တွေ့ရသည်။

လှိုင်မြို့နယ် (၁၃)ရပ်ကွက်၊ သဟာယလမ်းနှင့် မဟာဆွေလမ်းဘေးတလျှောက်မှ ဈေးသည်များအား ၁၉၇၉ ခုနှစ်တွင် ဈေးအဖြစ် စုစည်းခဲ့ကြပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လှိုင်ရတနာဈေးအဖြစ် ၁၉၉၀ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့က စတင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။